စိုင်းဇော်လတ်(လင်းခေး)
.
အေးချမ်းသည့် ယခုခါသမယ၌ ရှမ်းပြည်နယ်တောင်ပိုင်း၊လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် သာယာလှပ အထင်ကရနေရာအဖြစ် တိမ်ပင်လယ် ရှုခင်းသာနေရာမှာ အလှပေါ် အလှ ဆင့်နေပြီ ဖြစ်သည်။
.
ယင်း တိမ်ပင်လယ်နေရာမှာ မိုင်းပန်မြို့၏ အနောက်မြောက်ဘက် မိုင်းပန်-ကျိုင်းတောင်းသွား ကားလမ်း၏ ယာဘက်တွင် တည်ရှိပြီး မိုင်းပန်မြို့၏ ရှေးရှမ်းစာဆိုတော် စဝ်ကောလီ ပြတိုက်ကျောင်းမှ ၄ ဖာလုံခန့်အကွာ အရှေ့ဘက် တောင်ကုန်းနေရာ ရှုခင်းသာမှ နံနက်ပိုင်းချိန်တွင် ကြည့်ရှုလျှင် အရှေ့ဘက် တောင်ကြောများကို ဝင်ရောက် ထိုးဖောက်လာသည့် မြူခိုးမြူနှင်းများက အစိုင်အခဲ အသွင်ပုံသဏ္ဍာန်ဖြင့် ကျယ်ပြန့်စွာ ထွက်ပေါ်လာကာ တိမ်စိုင်တိမ်ခဲများအတူ တစ်လှိမ့်လှိမ့် တငြိမ့်ငြိမ့် လှုပ်ရှားပေါ်ထွန်းနေပုံများအား တွေ့မြင် ခံစားကြရသော သူများက တိမ်ပင်လယ်ဟု သတ်မှတ်၍ မိုင်းပန်တိမ်ပင်လယ်ဟု တင်စားခေါ်ဝေါ်နေကြသည်။
.
မိုးတိမ်များ ကင်းစင်ခြင်း၊ မိုးအုံ့ခြင်းများ မရှိသည့် နံနက်ခင်းအချိန်များတွင် ယင်း တိမ်ပင်လယ်ကို သာယာလှပသော မိုင်းပန်တောင်တန်းကြီးများ အကြားဝယ် တစ်မျှော်တစ်ခေါ် လှမ်းမျှော်ကြည့်ရှု ခံစားနိုင်ပြီး၊ ဆောင်းရာသီကာလ၏ မိုင်းပန် အထင်ကရ နေရာ တိမ်ပင်လယ် ပေါ်ပေါက်ရာ ရှုခင်းသာ တောင်ကုန်းလေးသို့ မကြာမီ COVID-19 ကာလ ဖြေလျှော့၊ ပြီးဆုံးလာသည့်အခါတွင် လာရောက် လေ့လာ လည်ပတ်စောင့်မျှော် ကြည့်ရှုသူ များဖြင့် မိုင်းပန်မြို့အလှကို ပိုမို ထင်ဟပ်ပေါ်လွင် လာစေနိုင်တော့မည် ဖြစ်သည်။