ငြိမ်းသူ
.
လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်ရှိ ကျေးရွာ
၁၀ ရွာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (VDP)
ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို
အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.အဆိုပါ ဆောင်ရွက်မည့် ကျေးရွာများမှာ မောက်လျန်၊
နောင်စံဖူး၊ မချီနု၊ ဆမ်ပွန်း၊ ဝမ်ဖတ်၊ ခိုဟင်၊ နောင်ခမ်း၊ ဝမ်လိုင်၊ ဆားတော၊
ဝမ်လုံကျေးရွာများ ဖြစ်ပြီး ယင်းကျေးရွာများတွင် စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း
၁၀၀၀၊ ကျေးရွာ ပြည်သူများ၏ ထည့်ဝင်ငွေများဖြင့် ကျေးရွာတွင်းလမ်း၊ တံတား၊
မီးလင်းရေး၊ သောက်သုံးရေရရှိရေးနှင့် အခြား ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက
နည်းပညာများပံ့ပိုးကာ အကောင်အထည် ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း
မိုင်းကိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး
ဦးခွန်ကျော်စိမ်း ထံက သိရသည်။
.
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်နေပြည်သူများ၏
လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် ကျေးရွာ၏
ပကတိလိုအပ်ချက်များပါဝင်သော ကျေးရွာဖွံ့ဖြိုးရေး စီမံချက်များကို မိမိတို့ ကိုယ်တိုင်ရေးဆွဲပြီး
အဆိုပါစီမံချက်များကို မြို့နယ်စီမံကိန်းရေးဆွဲရေးလုပ်ငန်းစဉ်များတွင် ထည့်သွင်းရေးဆွဲနိုင်ရေးအတွက်
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း
သိရသည်။
.
လက်ရှိ မိုင်းကိုင်မြို့နယ်အတွင်း စီမံကိန်း ဆောင်ရွက်မည့်
ကျေးရွာ ၁၀ ရွာကို သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ် များ၊
မြို့နယ်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များနှင့်အတူ ရွေးချယ်ခဲ့ပြီး
ကျေးရွာများသို့ ကွင်းဆင်းကာ စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း၊
ကော်မတီဖွဲ့စည်းခြင်းလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးခွန်ကျော်စိမ်း
က ဆက်လက်ပြောဆိုခဲ့သည်။
.