စုလှိုင်
.
လားရှိုးမြို့နယ်တွင် ခရီးသွားရာဇဝင် ထိန်ချန်ပြောဆိုခဲ့သူ
အမျိုးသမီးတစ်ဦးကို ဒီဇင်ဘာလ ၂၇ ရက်က သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့်
အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
.
.အဆိုပါ အမှုဖွင့်အရေးယူခံရသူ အမျိုးသမီးသည် မိခင်ဖြစ်သူ၏
ကျန်းမာရေးအခြေအနေအရ မန္တလေးမြို့သို့ သွားရောက်ခဲ့ပြီးနောက် လားရှိုးသို့ လူနာတင်ယာဉ်ဖြင့်
ပြန်လာခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ နေအိမ်ကို Quarantine ပြုလုပ်၍
မိသားစုဝင်များအား ဓါတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့ရာတွင် အားလုံး Negative အဖြေထွက်သော်လည်း ၎င်းအား အသိ မပေးဘဲ ထိန်းချန်ထားခဲ့သဖြင့် စစ်ဆေးနိုင်ခြင်း
မရှိခဲ့ဘဲ ပတ်ဝန်းကျင်၏ သတင်းပေးချက်အရ မိန်းကလေးတစ်ဦး ကျန်ရှိနေကြောင်း သိရသဖြင့်
ထပ်မံ၍ ၎င်းတစ်ဦးတည်းအား Swab ရယူစစ်ဆေးရာတွင် COVID-19
ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“ထိန်ချန်တယ် ဆိုပြီး ဟိုးလေးတကျော်ကျော်ဖြစ်သွားတာပေါ့။
အဲဒါကြောင့် မတတ်သာလို့ ဖွင့်ရတာပါ။ နောက်လူ တွေလည်း စံပြ ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်ပါ”
ဟု လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာလင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အပြင် ယင်းအမျိုးသမီးအား Swab ရယူစစ်ဆေးမှု မပြုလုပ်နိုင်မီ ယင်းနေအိမ်တွင် နာရေးပြုလုပ်ခဲ့သဖြင့် နာရေးသို့
လာရောက်သော နေအိမ် ၆၂ အိမ်မှ လူ ၆၄ ဦးနှင့် မိသားစုဝင်စုစုပေါင်း ၂၄၅ ဦးကို Quarantine
၁၄ ရက် ထားရှိခဲ့ရပြီး Swab ရယူစစ်ဆေးရာတွင် အားလုံး
Negative အဖြေ ရရှိခဲ့ကြောင်း သိရသည်။
.
ထိုသို့ ခရီးသွားရာဇဝင်ထိန်ချန်ခဲ့သော အသက် ၃၀ နှစ်အရွယ်
အမျိုးသမီးအား လားရှိုးမြို့မရဲစခန်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့်
အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
.