ကမ္ဘောဇတိုင်း
.
တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ ပင်တွန်ကျေးရွာအုပ်စု၊
ထီခွကျေးရွာနေ ဘိန်းစိုက်တောင်သူများအား ကျောက်တလုံးကြီးနယ်မြေရဲစခန်းမှူးမှ တစ်အိမ်ထောင်လျှင်
ငွေကျပ် ၃၀၀၀၀ စီ ကောက်ခံမှုများ ရှိနေသည်ဟု ဒေသခံများထံက သိရသည်။
.
.
“ရွာမှာရှိတဲ့ ဘိန်းစိုက်တောင်သူတွေအတွက် တောင်းတာပါ။
စခန်းမှူး ကိုယ်တိုင်တော့ မလာဘူး။ ရွာသူကြီးကနေ တစ်ဆင့်တောင်းခိုင်းတာပါ။ ဒီနေ့ (ဒီဇင်ဘာလ
၁၄ ရက်) လကွယ်ဆိုတော့ သူကြီးက ဒီနေ့ချိန်းထားတယ်။ အကုန်လုံး ပေးပြီးသွားပါပြီ။ တောင်သူတွေအနေနဲ့
တခြားသီးနှံတွေလည်း အစားထိုးမှု မရှိတဲ့အတွက် အဲဒီလို မတောင်းသင့်ဘူးလို့ ထင်ပါတယ်။
သူတို့က ဖျက်ဆီးရမယ့်အစား ဘာကြောင့် အခွန်တောင်းရသလဲဆိုတာ မေးချင်ပါတယ်” ဟု ထီခွကျေးရွာ
နေ ဒေသခံတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထီခွကျေးရွာတွင် အိမ်ခြေ ၂၀၀ ကျော် ရှိသည့်အနက် ဘိန်းစိုက်ပျိုးသူ
အိမ်ခြေ ၆၀ ကျော်ခန့်အား ယင်းကဲ့သို့ တစ်အိမ်ထောင်လျှင် ငွေကျပ် ၃၀၀၀၀ တောင်းခံခဲ့ခြင်းဖြစ်ပြီး
ထီခွကျေးရွာသူကြီး ဦးတိစော ထံကတစ်ဆင့် ကောက်ခံ ခိုင်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ
ပြောရေးဆိုခွင့်ရှိသူ ဒုတိယရဲမှူးကြီး ဝင်းသန်းအား ဆက်သွယ် မေးမြန်းရာတွင် “ကျွန်တော်တို့
သိထားတာတော့ မရှိသေးပါဘူး။ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး တွေကို မေးမြန်းစုံစမ်းသွားမှာပါ။
မှန်ကန်တယ် ဆိုရင်တော့ အရေးယူသွားမှာပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။
.
ထို့အတူ တောင်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနေမျိုးအား
ဆက်သွယ်မေးမြန်းရာတွင်မူ ဖုန်းလိုင်း မကောင်းသည့် အတွက် ပြန်လည်ဆက်သွယ်ရန်သာ ပြောဆိုခဲ့သည်။
.
ပင်တွန်ကျေးရွာအုပ်စုသည် တောင်ကြီးမြို့နယ်၏ တောင်ဘက်အစွန်ဆုံးတွင်
တည်ရှိပြီး ဘိန်းစိုက်ပျိုးမှုများလည်း ရှိနေသည့် ကျေးရွာအုပ်စု တစ်ခု ဖြစ်သည်။
.
No comments:
Post a Comment