ကျောက်မဲမြို့နယ်အတွင်း စစ်ရေးတင်းမာနေဆဲ ဖြစ်သဖြင့် တိုက်ပွဲရှောင် ၆၀၀ ကျော်အထိ ရှိလာနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲမြို့နယ်အတွင်း စစ်ရေးတင်းမာနေဆဲ ဖြစ်သဖြင့် တိုက်ပွဲရှောင် ၆၀၀ ကျော်အထိ ရှိလာနေ

မင်းဇော်မင်း

.

ကျောက်မဲမြို့နယ်အတွင်း RCSS နှင့် TNLA တို့ စစ်ရေးတင်းမာနေဆဲ ဖြစ်ပြီး ဒီဇင်ဘာလ ၂၈ ရက်၊ ညနေပိုင်းက လွယ်အံ၊ ကောင်းခါးနှင့် ပန်မခံကျေးရွာများတွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သဖြင့် တိုက်ပွဲရှောင် ပြည်သူ ၆၀၀ ကျော်အထိ ရှိလာနေပြီ ဖြစ်ကြောင်း သိရသည်။

.

ဓါတ်ပုံ - ဦးသားဇော််
.

အဆိုပါ တိုက်ပွဲရှောင်ကျေးရွာသားများမှာ ရွာမှ အနည်းဆုံး ၄ မိုင်ခန့် ကွာဝေးသည့် မိုင်းတင်းဘက်သို့ အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် ခြေလျင်လမ်းလျှောက်လာရခြင်းဖြစ်ပြီး အချို့ရွာမှ လာရောက်သူများမှာ ၄ နာရီခန့် လမ်းလျှောက်ခဲ့ရ သည်ဟု ကျောက်မဲမြို့နယ် စစ်ဘေးရှောင်ကော်မတီမှ ဦးသားဇော်က ပြောသည်။

.

“မနေ့က RCSS က တပ်မှူးတစ်ဦးနဲ့ ဖုန်းပြောရလို့ ရွာသားတွေကို ကူညီပေးဖို့ ပြောတော့ ရွာသားတွေကို ဘာမှမဖြစ် စေရပါဘူး။ လာခေါ်ချင်ရင်လည်း ရပါတယ်ဆိုပေမဲ့ မိုင်းတင်းအထိပဲ တက်ရဲတယ်။ နှစ်ဘက် တင်းမာနေတော့ မသွား ရဲကြဘူး။ ရာသီဥတုက အအေးပြင်းထန်လှတော့ စောင်တွေ ဝေပေးနေပေမဲ့ လုံလောက်မှုတော့ မရှိသေးဘူး။ ကျန်းမာ ရေး စောင့်ရှောက်မှုတွေတော့ လုပ်နေတယ်။ နောက်ထပ် ၂၀၀ လောက်ထွက်လာနိုင်သေးလို့ သူတို့အတွက်ပါ ပြင်ထား ပါတယ်” ဟု ဦးသားဇော်က ပြောသည်။

.

ကျောက်မဲမြို့၊ အမှတ် (၈) ရပ်ကွက်ရှိ သန္တိသုခဓမ္မာရုံတွင် လွယ်အံ (တင်း)၊ ကောင်းခါး၊ ပန်မခံ၊ ခိုငင်း၊ ပန်လော့ ကျေးရွာများမှ တိုက်ပွဲရှောင်အိမ်ထောင်စု ၄၁ စု၊ လူဦးရေ ၁၅၈ ဦး၊ ပိန္နဲကုန်းကျေးရွာ၊ ဝါဆိုကျောင်းတွင်အိမ်ထောင်စု ၂၈ စု၊ လူဦးရေ ၁၀၈ ဦး၊ မန်ကောင်းမူးစာသင်ကျောင်းတွင် အိမ်ထောင်စု ၇၈ ဦး၊ လူဦးရေ ၃၄၂ ဦး၊ စုစုပေါင်း စစ်ရှောင် စခန်း ၃ ခုတွင် တိုက်ပွဲရှောင် ၆၀၈ ဦး ရှိနေပြီး အချို့ အသိမိတ်ဆွေ နေအိမ်များတွင် တည်းခိုနေသူများလည်း ရှိကြောင်း ၎င်းထံက သိရသည်။

.

ထို့အတူ အိုမ်တမာဝ်လူမှုကူညီရေးအသင်းမှ ကိုစမိုင်းလ်ကလည်း “ဒီနေ့လည်း မိုင်းတင်းချောင်းအထိ သွားစောင့်ပြီး ထွက်လာတဲ့သူတွေကို သွားခေါ်မယ်။ မနေ့က ညနေ ၅ နာရီလောက်အထိ စောင့်ပေမဲ့ တိုက်ပွဲပြန်ဖြစ်လာတော့ ပြန် လာကြရတယ်” ဟု ပြောဆိုခဲ့သည်။

.

ယင်းတိုက်ပွဲရှောင်ပြည်သူများအား သီပေါ၊ နောင်ပိန်၊ ကျောက်မဲမြို့များမှ လူမှုရေးအသင်း ကား ၂၅ စီးဖြင့် မိုင်းတင်းကျေးရွာတံတားအထိ သွားရောက်ကူညီခေါ်ဆောင်နေခြင်း ဖြစ်ကြောင်းသိရသည်။

.

ကျောက်မဲမြို့နယ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက်မှ စတင်၍ RCSS နှင့် TNLA တို့ စစ်ရေးပဋိပက္ခ ဖြစ်ပွားနေခြင်း ဖြစ်ပြီး ယမန်နေ့ ဒီဇင်ဘာလ ၂၈ ရက်၊ ညနေပိုင်းအထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် ဒေသခံ ကျေးရွာသား များ ကျောက်မဲမြို့သို့ တိုက်ပွဲရှောင် ခိုလှုံရောက်ရှိလာကြခြင်းဖြစ်ကြောင်း သိရသည်။

.


Journal Download

Photo of three cats