မင်းဇော်မင်း၊ ခွန်သန်းအောင်
.
တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ဆေးထောက်ခံချက်မပါသော
ခရီးသည်များကို တင်ဆောင်ပြီး COVID-19 ရောဂါ ကာကွယ်တားဆီးရေးအတွက်
ဖွင့်လှစ်ဆောင်ရွက်နေသည့် ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို ကွင်းရှောင်မောင်းနှင်သွား သူ
အငှားယာဉ်မောင်း ၃ ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေများဖြင့် အမှုဖွင့်အရေးယူထားသည်
ဟု သိရသည်။
.
.“တမင်တကာ ဖောက်ဖျက်ကျူးလွန်ကြတာဖြစ်လို့ အရေးမယူချင်ပေမဲ့
အရေးယူနေရတာ ဖြစ်ပါတယ်။ အပြစ်မရှိဘူး ဆိုရင်လည်း တရားရုံးမှာသာ ရင်ဆိုင်ကြဖို့ ရှိပါမယ်။
ခရီးသည်တွေကိုတော့ ဓမ္မရတနာမှာ ကန့်သတ်စောင့်ကြည့်ထား ပါတယ်” ဟု ကလောမြို့နယ်အုပ်ချုပ်ရေးမှူး
ဦးခင်မင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကလောမြို့နယ်၊ နန့်ပန်တက်ကျေးရွာနေ ယာဉ်မောင်း အေးမင်းသက်
မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ကလောမြို့နယ်၊ ငုံးသုံကျေးရွာမှ ရန်ကုန်မြို့သို့ သွားရောက်မည့်
ခရီးသည်များအား တင်ဆောင်လာသည့် မော်တော်ယာဉ်သည် ဒီဇင်ဘာလ ၂၅ ရက်က ကလောမြို့အဝင်စစ်ဆေးရေးဂိတ်တွင်
ဖြတ်သန်းစဉ် ဆေးထောက်ခံချက်မပါသည့် ခရီးသည် ၅ ဦးတို့ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။ (ခရီးသည်များမှာ ဆေးထောက်ခံချက် ပါရှိကြောင်းနှင့် ကွင်းရှောင် မောင်းနှင်ခြင်းမှာလည်း မဟုတ်ကြောင်းကို ၄င်း၏ ဇနီးဖြစ်သူက ဆက်သွယ် ပြောဆိုထား)
.
အလားတူ ဒီဇင်ဘာလ ၂၈ ရက်က သာစည်ဘက်မှ ကလောဘက်သို့
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ် နေ ယာဉ်မောင်း ညီညီမောင်းနှင်လာသည့် ယာဉ်ပေါ်တွင်
ဆေးထောက်ခံချက် မပါသူ ခရီးသည် ၆ ဦးကို တင်ဆောင် ပြီး ဂိတ်ကိုကွင်းရှောင်ခေါ်ဆောင်သွားသည်ကို
စစ်ဆေးတွေ့ရှိခဲ့ရကာ ယင်းနေ့တွင်ပင် သာစည်ဘက်မှ ကလောဘက် သို့ လွိုင်ကော်မြို့၊ လောဓမ္မရပ်ကွက်နေ
ယာဉ်မောင်း ထွန်းဝင်း မောင်းနှင်လာသည့် ယာဉ်ပေါ်တွင် ဆေးထောက်ခံ ချက်မပါသူ ခရီးသည်
၂ ဦးကို တင်ဆောင်၍ ဂိတ်ကိုဖြတ်သန်းမောင်းနှင်သဖြင့် လိုက်လံဖမ်းဆီးခဲ့ရမှုတို့ဖြစ်ပွားခဲ့
ကြောင်း သိရသည်။
.
“ခရီးသည်တွေကိုတော့ သူတို့သွားလိုတဲ့နေရာက
လာခေါ်ရင်၊ အဲဒီမှာ Quarantine ဝင်ဖို့ စီစဉ်ထားတာရှိရင် လာခေါ်ခွင့်ပြုထားပါတယ်”
ဟု ကလောမြို့မရဲစခန်းမှူး ဒုရဲမှူး လှနိုင်က ပြောသည်။
.
အဆိုပါ ဆေးထောက်ခံချက် မပါသူ ခရီးသည်များအား တင်ဆောင်မောင်းနှင်ခဲ့သူ
ယာဉ်မောင်းများကို ကလောမြို့မ ရဲစခန်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု
ဥပဒေ ပုဒ်မ ၂၅ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
.