မင်းဇော်မင်း၊ ခွန်သန်းအောင်
.
ကလောမြို့နယ်၊ အောင်ပန်း-ပင်လောင်းသွားကားလမ်း၊ ဘော်နင်းကုန်းဘုန်းတော်ကြီးကျောင်း
အနီးတွင် ဒီဇင်ဘာလ ၂၄ ရက်က ရန်ကုန်မြို့သို့ ပို့ဆောင်မည့် ဆေးခြောက်များအား ဖမ်းဆီးရမိခဲ့ပြီးနောက်
ယမန်နေ့ ဒီဇင်ဘာလ ၂၇ ရက်တွင် ကွင်းဆက်တရားခံများအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
မူးယစ်တပ်ဖွဲ့စု (၂၅) နှင့် ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၂၄ ရက်၊ နံနက်ပိုင်းက
အောင်ပန်း-ပင်လောင်းသွား ကားလမ်း၊ ဘော်နင်းကုန်းဘုန်းတော်ကြီးကျောင်း အနီးတွင် ဆိုင်ကယ်များအား
စစ်ဆေးရှာဖွေနေစဉ် ကလောမြို့နယ်၊ အင်းပြင်ကျေးရွာနေ ထွန်းရွှေ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ပေါ်မှ
ဆေးခြောက်ဘလောက်တုံးဟု ယူဆရ သည့် အရိုး၊ အရွက်၊ အစေ့ပါ တစ်ထုတ်လျှင် အလေးချိန် ၁ ဒသမ
၅ ကီလိုစီပါ အထုပ် ၁၂ ထုပ်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး ထွန်းရွှေ၏ ထွက်ဆိုချက်အရ ယင်း ဆေးခြောက်များအား အင်းပြင်ကျေးရွာ၊
ဘောလုံးကွင်းအနီး နေထိုင်သူ သိန်းဇော် (ခ) တဗျတ် မှ အောင်ပန်းကားဂိတ်မှတစ်ဆင့် ရန်ကုန်မြို့သို့
ပို့ဆောင်ခိုင်းခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် သိန်းဇော် (ခ) တဗျတ်၏ နေအိမ်အား
ယင်းနေ့ နေ့လယ်ပိုင်းတွင် မူးယစ်ဆေးဝါး ရှာဖွေ ဝရမ်းဖြင့် သွားရောက်ရှာဖွေရာ ၎င်းအား
နေအိမ်တွင် မတွေ့ရဘဲ နေအိမ်နှင့် ကိုက် ၁၅၀ ခန့်အကွာ တောင်ယာခင်း လျှိုအတွင်း ၎င်းကို
တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး ၎င်းအနီးမှ မိုးကာစဖြင့် ဖုံးအုပ်ထားသော ဆေးခြောက်ဟု ယူဆရသည့်
အရိုး၊ အရွက်၊ အစေ့များပါ တစ်အိတ်လျှင် ၁၀ ကီလိုခန့်ပါ အိတ် ၂၅ အိတ်၊ စုစုပေါင်းအလေးချိန်
၂၅၀ ကီလိုခန့်၊ ဆေးခြောက်များကို ဘလောက်တုံးပြုလုပ်သည့် 16 Ton-Xydraulic
Jack တစ်ခုတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
ထို့နောက် သိန်းဇော်၏ ထွက်ဆိုချက်အရ ရန်ကုန်မြို့မှ
ဆေးခြောက်လက်ခံမည့်သူအား ကွင်းဆက်ဖော်ထုတ် ဖမ်းဆီး နိုင်ရန် ကြိုးပမ်းခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊
မှော်ဘီမြို့နယ်၊ ကိုးလုံးကွင်းကျေးရွာ၊ ပြည်လမ်းနေ ဟိန်းထက်ဇော်နှင့် အင်းစိန် မြို့နယ်၊
အနောက်ရပ်ကွက်၊ ပိုက်တန်းလမ်းနေ ဥမ္မာသိန်းတို့ကို ထပ်မံဖမ်းဆီးရမိခဲ့ပြီး ဒီဇင်ဘာလ
၂၇ ရက်တွင် ကလောမြို့သို့ လွှဲပြောင်းလာကာ ကလောမြို့မရဲစခန်း၌ ချုပ်နှောင်ထားကြောင်း
သိရသည်။
.
“မူးယစ်တပ်ဖွဲ့က အမြန်လမ်းမှာ ဖမ်းမိပြီး အဲဒီကနေ
ဖမ်းဆီးခေါ်ဆောင်လာပြီး မနေ့က လွှဲပြောင်းလက်ခံ လုပ်ပါတယ်” ဟု
ကလောမြို့မရဲစခန်းမှူး ဒုရဲမှူး လှနိုင်က ပြောသည်။
.
အဆိုပါအမှု တရားခံများအား ကလောမြို့မရဲခစန်းတွင် မယ(ပ)၃၀/၂၀၂၀၊ မူး/စိတ် ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်
စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.