လွတ်လပ်ရေးနေ့ အခမ်းအနားကို အဝေရာမီးပုံးပျံကွင်းတွင် COVID-19 ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့် အညီ ပြုလုပ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လွတ်လပ်ရေးနေ့ အခမ်းအနားကို အဝေရာမီးပုံးပျံကွင်းတွင် COVID-19 ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့် အညီ ပြုလုပ်မည်

စုလှိုင်

.

လာမည့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် ကျရောက်မည့် ၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် နိုင်ငံတော် အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားမှုတို့ကို COVID-19 ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့် အညီ တောင်ကြီးမြို့၊ အဝေရာကုန်းသာယာမီးပုံးပျံကွင်းအတွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အခြား အထိမ်းအမှတ် ပွဲလမ်းသဘင်များ ကျင်းပမည်မဟုတ်ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ထံက သိရသည်။

.

ဓါတ်ပုံ - ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို တောင်ကြီးမြို့၊ အဝေရာကွင်းအတွင်း ကျင်းပစဉ်

.

“မနက် ၄ နာရီ ၂၀ မိနစ်မှာ နိုင်ငံတော်အလံတင်အခမ်းအနား လုပ်မယ်။ ၇ နာရီမှာ သဝဏ်လွှာ ဖတ်တာပေါ့။ အဝေရာ မီးပုံးပျံကွင်းမှာပဲ လုပ်မှာပါ။ ပျော်ပွဲရွှင်ပွဲတွေ၊ တခြားအထိမ်းအမှတ်ပွဲတွေတော့ လုပ်ခွင့်မပေးထားဘူး။ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက်ပါ” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းက ကမ္ဘောဇတိုင်း သို့ ပြောသည်။

.

လွတ်လပ်ရေးနေ့တွင် နှစ်စဉ် မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်၊ ကျေးရွာဒေသ အသီးသီး၌ ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်လေ့ရှိသော်လည်း ယခုနှစ်တွင် COVID-19 ရောဂါ ကူးစက်မှုအခြေအနေအရ ကျင်းပနိုင်မည်မဟုတ်ကြောင်း သိရသည်။

.

၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး တို့အတွက် တိုင်းရင်းသားအားလုံး “စုပေါင်းအင်အား”ဖြင့် ကာကွယ်စောင့်ရှောက်ရေး၊ လူမှုဆက်ဆံရေး တရားမျှတမှု ညီမျှမှု၊ စီးပွားရေးတရားမျှတမှု၊ နိုင်ငံရေးတရားမျှတမှု၊ အဆင့်အတန်းညီမျှမှု၊ တရားဥပဒေရေးရာညီမျှမှုတို့ကို နိုင်ငံသားအားလုံး တန်းတူရည်တူ အခွင့်အလမ်း ရရှိခံစားရေး၊  စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်စေရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ဦးတည် ကြိုးပမ်းဆောင်ရွက်ရေး၊ ပြည်ထောင်စုကြီး ထာဝရတည်တံ့ရေးအတွက် ပြည်ထောင်စုစိတ်ဓာတ်မွေးမြူ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ နိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်၍ ပြည်သူတစ်ရပ်လုံး ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို အစိုးရ၊ ပြည်သူလူထု အားလုံးပါဝင်ပြီး စုပေါင်းအားဖြင့် ရင်ဆိုင်ကျော်လွှားရေး စသည့် အမျိုးသားရေး ဦးတည်ချက်များဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

.


Journal Download

Photo of three cats