ဆီဆိုင်မြို့နယ်တွင် ဘိန်းစိုက်ခင်းများ ဖျက်ဆီးပြီး ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး အသိပညာပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဆီဆိုင်မြို့နယ်တွင် ဘိန်းစိုက်ခင်းများ ဖျက်ဆီးပြီး ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး အသိပညာပေး

ခွန်ရဲထွေး (ဆီဆိုင်)

.

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာအုပ်စု၊ ပန်အွန်းကျေးရွာ၏ အရှေ့ဘက်နှင့် အရှေ့တောင်ဘက်ရှိ အမြင့် ၂ ပေခွဲခန့် သီးပွင့်ဆဲ ဘိန်းခင်း ၃၅ ဧကအား ဒီဇင်ဘာလ ၂၃ ရက်၊ နံနက်ပိုင်းက ဆီဆိုင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ နားခိုက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခွန်ထွန်းလွင်၊ ကျေးရွာသားများ စုပေါင်း၍ မြက်ဖြတ်စက်များ၊ ဓါးကောက်များဖြင့် စုပေါင်းဖျက်ဆီး ရှင်းလင်းခဲ့ကြောင်း သိရသည်။

.

.

ထို့နောက် ကျေးလက်နေပြည်သူများ ဘိန်းစိုက်ပျိုးမှုပပျောက်စေရေးနှင့် မူးယစ်ဆေးဝါး အန္တရာယ်နှင့်ပတ်သက်၍ သိရှိလာစေရေးအတွက် ပန်အွန်းကျေးရွာ ဘုန်းကြီးကျောင်း၌ အသိပညာပေးဟောပြောပွဲကို ဆက်လက်ဆောင်ရွက်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူ ဦးသိန်းဇော်က အမှာစကားပြောကြားပြီး ဘန်းယဉ် တိုက်နယ်ဆရာဝန် ဒေါက်တာမျိုးသက်ဦးမှ COVID-19 ရောဂါကာကွယ်ရေးနည်းလမ်းများနှင့် HIV ရောဂါအကြောင်းကို လည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးဇော်မျိုးစေးမှ မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေအကြောင်းအရာ များကို လည်းကောင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်သူခိုင်မှ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) လျှောက်ထားခြင်းနှင့် မြေလွတ်၊ မြေရိုင်း လျှောက်ထားခြင်းဆိုင်ရာ များကို လည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးဝင်းနောင်က စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် နှစ်စဉ်နှစ်တိုင်း ပျိုးပင်များ ပျိုးထောင်ပြီး တောင်သူများအား ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ တောင်သူများအနေဖြင့် ဘိန်းအစားထိုးသီးနှံများ စိုက်ပျိုးကြရန်နှင့် တောင်သူလူမူစီးပွားဘဝဖွံ့ဖြိုးဖို့ စိုက်ပျိုးရေးနှင့် ပတ်သက်သည့် အခက်အခဲများရှိပါက စိုက်ပျိုးရေးဦးစီးဌာနသို့ လာရောက်မေးမြန်းနိုင်ကြောင်းကို လည်းကောင်း၊ မြို့နယ်သစ်တော ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်နိုင်ထွန်းမှ သဘာဝပတ်ဝန်းကျင် ဆိုင်ရာများကိုလည်းကောင်း အသီးသီး အသိပညာပေးဟောပြောပြီး တက်ရောက်လာသော ဒေသခံပြည်သူများက ပြန်လည်မေးမြန်းခဲ့ကြောင်း သိရသည်။

.

ဆီဆိုင်မြို့နယ်အတွင်းရှိ ဘိန်းစိုက်ခင်းများကို စက်တင်ဘာ ၂၅  ရက်နေ့မှ စတင်ဖျက်စီးခဲ့ရာ ဒီဇင်ဘာ ၂၃ ရက်နေ့အထိ စုစုပေါင်း ဘိန်းစိုက်ခင်း ၅၄၂ ဒသမ ၅ ဧက ဖျက်ဆီးရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

.


Journal Download

Photo of three cats