ကမ္ဘောဇတိုင်း
.
တောင်ကြီးမြို့၊ ဟော်ကုန်းရပ်ကွက်အတွင်းရှိ ရွှေသန့်စင်လုပ်ငန်းတစ်ခုမှ
အနံ့အသက်ဆိုးနှင့် အက်ဆစ်များ ထွက်ပေါ် နေသဖြင့် ပြောင်းရွှေ့ပေးရန် တင်ပြခဲ့သော်လည်း
၃ လကျော် ကြာသည်အထိ လုပ်ငန်းရပ်နားခြင်း မရှိဘဲ ဆက်လက် လုပ်ကိုင်နေသဖြင့် ထပ်မံတင်ပြသွားမည်ဖြစ်သည်ဟု
ဒေသခံများထံက သိရသည်။
.
အဆိုပါ ရွှေသန့်စင်လုပ်ငန်းအား ပြောင်းရွှေ့ပေးရန်
ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်တွင် ရှင်သန်ကမ္ဘာမြေ အစိမ်းရောင် ကွန်ရက်နှင့် ဒေသခံများက
စုပေါင်းလက်မှတ်ရေးထိုး၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံသို့ တင်ပြတောင်းဆိုခဲ့ရာ ယင်းလ
၁၉ ရက်တွင် တောင်ကြီးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး
ဦးသက်နိုင်ဦး ဦးဆောင်သော ကော်မတီအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ပြီးဖြစ်သည်ဟု သိရသည်။
.
“ကော်မတီအဖွဲ့တွေ သွားစစ်တဲ့ အချိန်မှာလည်း အက်ဆစ်အငွေ့တွေ
ထွက်တာ တွေ့ခဲ့တယ်။ အနံ့တွေရတယ်။ ရေမြောင်း ထဲမှာ အက်ဆစ် စားနေတာတွေကို ကော်မတီဝင်တွေလည်း
မြင်တယ်။ အခုနောက်ပိုင်းတော့ COVID-19 ကာလလည်း ဖြစ်တော့ လုပ်ငန်းလည်း
ပါးသွားတယ်။ လေကြောင်းလည်း ပြောင်းသွားတော့ အနံ့ သိပ်မရဘူး။ ဒါပေမဲ့ အက်ဆစ်အရည်တွေ
တွေ့ရတယ်။ ဒီတော့ လုပ်ငန်းကို ဆက်လုပ်နေတယ်ဆိုတာ သိရတာပေါ့။ အခုလို စစ်ဆေးနေဆဲ ကာလမှာ
လုပ်ငန်းက ဆက်လုပ်နေရင် လူတွေက ဆက်ပြီး ခံစားနေရမှာပါ။ ဒါကြောင့် ထပ်ပြီး စာတင်ဖို့
ဆုံးဖြတ် လိုက်တာပါ” ဟု ရှင်သန်ကမ္ဘာမြေ အစိမ်းရောင်ကွန်ရက်မှ ဒေါ်ချယ်ရီကျော်က ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
ယင်းကဲ့သို့ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှရွှေသန့်စင်လုပ်ငန်းအား
ဝင်ရောက်စစ်ဆေးခဲ့သော်လည်း ၃ လကျော် ကြာသည်အထိ လုပ်ငန်းရပ်နားထားရန် ညွှန်ကြားထားခြင်း
မရှိသကဲ့သို့ စစ်ဆေးမှု မပြီးပြတ်သေးသည့် အတွက် ထပ်မံတင်ပြရန် ဆောင်ရွက်ရခြင်းဖြစ်သည်ဟု
၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
ဟော်ကုန်းရပ်ကွက်အတွင်းရှိ လမ်းဘေးရေနုတ်မြောင်းများအား
အိမ်ရှင်များမှ ကိုယ်ထူကိုယ်ထ ပြုလုပ်ထားခြင်း ဖြစ်ပြီး ယခုကဲ့သို့ ရွှေသန့်စင်လုပ်ငန်းမှ
ထွက်ရှိသည့် စွန့်ပစ်အက်ဆစ်ရည်များကြောင့် အသစ်ပြုလုပ်ထားသည့် ရေနုတ်မြောင်းနှင့် မြောင်းအတွင်းရှိ
ရေပိုက်များ ပျက်စီးနေရသည်ဟု သိရသည်။
.
ထို့အတူ ဟော်ကုန်းရပ်ကွက်နေ ဒေသခံ ဦးအောင်နိုင် ကလည်း
“သူတို့လုပ်ငန်းက လုပ်လာခဲ့တာ ၁၀ စုနှစ် တစ်ခု လောက်တောင် ရှိပါပြီ။ အဆက်ဆက် တင်ပြခဲ့ပေမဲ့
အရာမရောက်ခဲ့ဘူး။ နောက်ဆုံးတစ်ခေါက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေနဲ့ စုပေါင်းပြီး
ထိထိရောက်ရောက် တိုင်ခဲ့တယ်။ လာစစ်ပြီးတော့ ဆုံးဖြတ်ချက် မချခင် အထိ လုပ်ငန်း ရပ်ထားဖို့တော့
ပြောထားတယ်လို့ သိရတယ်။ ဒါပေမဲ့ အခုက ဆက်လုပ်နေတဲ့ သဘောပါ။ ပျက်စီးနေတဲ့ မြောင်းတွေက
သက်သေရှိပါတယ်” ဟု ပြောဆိုခဲ့သည်။
.
ထို့အပြင် ယင်းရွှေသန့်စင်လုပ်ငန်းမှ ထွက်ရှိသည့်
အခိုးအငွေ့များကြောင့် အနီးပတ်ဝန်းကျင်နေအိမ်များမှ ကလေး သူငယ်နှင့် သက်ကြီးရွယ်အိုများ၊
ဒေသခံများတွင် ပန်းနာရင်ကြပ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ခံစားနေရသည့်အတွက်
လုပ်ငန်းမလုပ်ကိုင်ရန် ဆက်လက်ကန့်ကွက်သွားမည်ဖြစ်ကြောင်း ဒေသခံများ ထံက သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးခရိုင် စီမံခန့်ခွဲမှုကော်မတီ
ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင် က “ဌာန ဆိုင်ရာပေါင်းစုံ ပါဝင်တဲ့အဖွဲ့
ဖွဲ့ပြီးတော့ ပြန်စိစစ်ပြီး တင်ပြထားပါတယ်” ဟု ပြောဆိုခဲ့သည်။
.
ယင်း ရွှေလှော်လုပ်ငန်းသည် စည်ပင်သာယာရေး ဌာနမှ
လုပ်ငန်း လိုင်စင် လုပ်ပေးပိုင်ခွင့် မရှိသည့် လုပ်ငန်းဖြစ်သည့် အပြင် လေထု ညစ်ညမ်းမှုများ
ရှိလာသဖြင့် ရပ်ကွက် နေ ပြည်သူလုထုများမှ အခြား သင့် လျော်သည့် နေရာတွင်
ပြောင်းရွှေ့ လုပ်ကိုင်စေလိုကြခြင်း ဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment