■ မင်းဇော်မင်း ရေးသား ခံစားသည်။
□ နောက်ဆုံးအချိန် (ညနေ ၆ နာရီ)
“ အမေ သား အသက်ရှူလို့ မရတော့ဘူး ”
“ အေးပါ သားရယ် ဖြည်းဖြည်းလေး တရားမှတ်ရင်း အသက်ရှူကြည့်နော် ”
“ သား ဘုန်းကြီး ဝတ်ချင်တယ် ”
“ သား နေကောင်းလာရင် ဝတ်မယ်နော် သား ”
“ အမေ ဟိုဘက် လှည့်နေ။” ထိုသို့ ပြောပြီး အိုက်နောင့် တစ်ယောက် ယာဘက်သို့ ခေါင်းလှည့်ကာ ကွယ်လွန်သွားခဲ့သည်။
.
□ နောက်ဆုံးရက် နံနက် ၆ နာရီ
.
“ သားလေး ဒီနေ့ တန်ဆောင်မုန်း လပြည့်နေ့ ဆွမ်းဆန်စိမ်းမှာ သားလေးကို ရည်စူးပြီး သံဃာတော်တွေကို လှူဒါန်းမှာ ဖြစ်လို့ ကြေးစည်သံ ကြားရင် သာဓု ခေါ်နော်။”
.
□ နံနက် ၁၁ နာရီ
.
“ သားလေး ဒီနေ့ ကထိန်သင်္ကန်း ကပ်လှူတဲ့နေ့ ဖြစ်လို့ သားလေးကိုယ်တိုင် ဒီသင်္ကန်းကို သံဃာကို ရည်စူးပြီး ကပ်နော်၊ အာရုံပြုပြီး သာဓု သုံးကြိမ် ခေါ်နော်။ အဖေကိုလည်း ကန်တော့။” အိပ်ယာထက်က ပက်လက် ဝေဒနာ ခံစားရင်း လက်အုပ်ချီကာ “ သာဓု သာဓု သာဓု” သုံးကြိမ် ခေါ်ဆိုခဲ့သည်။
“ သားက ဆေးသုံးသုံး မသုံးသုံး သေတော့မှာ သားကို သနားရင် ဆေးလိုချင်တယ်၊ ရရင် သားသေပျော်ပါပြီ။” ဆေး ရပြီးနောက် “ဝမ်းသာလိုက်တာ ကျေးဇူးတင်လိုက်တာ” သူသေသည်အထိ ကြိုက်ခဲ့သည့် ဆေး၊ မိုက်ခဲ့သည့် ဘဝကို သူ ဇီဝိန် ချုပ်ခါနီးအထိ တမ်းတသွားသော်လည်း ဇီဝိန် တစ်ကယ်ချုပ်သည့် အချိန်တွင်မူ ဘုန်းကြီးဝတ်ချင်သည်ဟု ပြောကြားခြင်း အသိ၊ သူသေသည်ကို အမေဖြစ်သူ မမြင်စေချင်သည့် သတိတို့ဖြင့် အိုက်နောင့် တစ်ယောက် ဘဝတစ်ပါးသို့ ကူးသွားခဲ့ပေသည်။ သူ ကွန်လွန်ချိန်တွင် သူ့အသက်မှာ ၃၁ နှစ် မပြည့်သေးပေ။
.
□ နောက်ဆုံးကာလ
.
ပြီးခဲ့သည့် စက်တင်ဘာလက ဖျားပြီး ဆေးရုံသို့ ပြသရာ ဆေးများဖြင့် ကုသမှုကြောင့် သက်သာလာသည်။ နိုဝင်ဘာလ ၁၁ ရက်တွင်မူ ရင်ဘတ်အောင့်ပြီး နာကျင်မှု ဖြစ်ပေါ်လာချိန်တွင် မိသားစုက ဆေးရုံတက်ရန် ပြောသော်လည်း ၎င်းက လက်မခံ ဆန္ဒ မပြုတော့ချေ။ ဆေးရုံ တက်ရောက်ရပါက သူသုံးစွဲနေသည့် ဆေး မသုံးရမှာကို စိုးရွံ့ခြင်းကြောင့် ၎င်းမှ ပြင်းထန်စွာ ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။
ပထမပိုင်း အမဲခေါ် ဘိန်းကို သုံးစွဲစဉ်က ၎င်းအနေဖြင့် ငွေကုန်ကြေးကျ နည်းသည့်အပြင် လူလည်း ဒီလောက်မခံရဟု သူ့အမေကို ပြောခဲ့ကြောင်း သိရသည်။ ပထမ တစ်ပတ်အတွင်း ၎င်းအနေဖြင့် အစားအသောက်ပျက်ကာ အားရုပ်လာသော်လည်း သွားလာ၍ ရသေးသည်။ အစားအသောက်များကို သူ သိပ်ပြီး မစားနိုင်တော့ပေ။
နောက် ဒုတိယအပတ် နိုဝင်ဘာလ ၁၈ ရက်မှ စတင်ကာ အစားအစာ မစားနိုင်တော့ဘဲ နို့နှင့် အရည်များလောက်ကိုသာ သောက်နိုင်ခဲ့ပြီးနောက်ပိုင်း နိုဝင်ဘာဘ ၂၅ ရက်တွင်မူ လမ်းပင် မလျှောက်နိုင်လောက်အောင် အား မရှိတော့။ တစ်နေ့လျှင် ငှက်သိုက် တစ်ဘူး၊ ထမင်းရည် တစ်ခွက်လောက်သာ ဝင်တော့သည်။ မိသားစုက ဆေးရုံ ပို့ဆောင်ရန် ကြိုးစားသော်လည်း ၎င်းက သူသွားတော့မည်ဖြစ်၍ မရတော့ကြောင်း ပြောခဲ့ခြင်းက မိသားစု၏ ရင်ကို မငြိမ်းနိုင်သည့် ပရိဝေဒမီး တောက်လောင်စေခဲ့သည်။
အိုက်နောင့် ကွယ်လွန်မည့် နိုဝင်ဘာလ ၂၉ ရက် (တန်ဆောင်မုန်းလပြည့်နေ့)တွင်မူ ဆီး/ဝမ်းလည်း ကိုယ်တိုင် မသွားနိုင်တော့သည့် နောက်ပိုင်း ၎င်းသေဆုံးခဲ့ရခြင်း ဖြစ်သည်။ သူ့တွင် ၉ နှစ်အရွယ် သား တစ်ယောက်နှင့် ၃ နှစ်အရွယ် သမီးလေး တစ်ယောက် ကျန်ခဲ့သည်။
□ ဘဝဖြစ်စဉ်အကျဉ်း
အိုက်နောင့် ငယ်စဉ် ၁ နှစ်နှင့် ၂ လ အရွယ်၌ ဖခင်ဖြစ်သူမှ နိုင်ငံရေးပုဒ်မဖြင့် ထောင်ဒဏ် ၁၀ နှစ် ကျခံခဲ့ရသည်။ သို့အတွက် ဖခင်နှင့် ဝေးရသလို မိခင်ဖြစ်သူမှာလည်း ထောင်ဝင်စာ တစ်ဖက် သားအကြီး ပညာရေးနှင့် စားဝတ်နေရေးအတွက် ခရီးသွား ရုန်းကန် ရှာဖွေရင်း သားအငယ်ဖြစ်သူ သူ့ကို ဆွေမျိုးများထံ အပ်နှံထားခဲ့ရသည်။ ငယ်စဉ်က နေမကောင်းလျှင် မည်သည့် ညည်းငြူမှုမျှ မပြု တစ်ယောက်တည်း အိပ်နေခြင်း၊ ဆေးတိုက်လျှင် မငြင်းခြင်း၊ မုန့်စားရလျှင် မည်သူ့ကိုမျှ မခေါ် မကျွေးခြင်း၊ အိမ်သာသို့ မသွားဘဲ အခန်းထဲတွင်သာ အိုးခွက်၊ သောက်ရေသန့်ဘူးများ အတွင်း အပေါ့အလေးများ စွန့်ခြင်းများသည် သူ၏ စိတ် မလုံခြုံမှုကို ပြဆိုသလို အငုံ့စိတ်ကိုလည်း ပြဆိုနေသည်ဟု ဆိုနိုင်သည်။
၃ တန်းအရွယ် အသက် ၈ နှစ်ကျော်ခန့်တွင် ဖခင်ဖြစ်သူ ထောင်မှ လွတ်မြောက်လာပြီးနောက် မိခင်ဖြစ်သူကို ဖခင်ဖြစ်သူက သူ့ထံမှ လုယူသွားသည်ဟု ထင်မြင်ခြင်း၊ အစ်ကို ဖြစ်သူအပေါ် မနာလိုမှုများက ၎င်း၏ အငုံ့စိတ်ကို ပိုမို ကြီးထွားစေခဲ့သည်ဟု သုံးသပ်မိသည်။ နှစ်ရှည် ထောင်ကျခံခဲ့ကြရသည့် နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးအနေဖြင့် မိသားစုနှင့် ဆက်ဆံရေးတွင် ထိခိုက်မှုများ ရှိကြသည်ဖြစ်ရာ ဖခင်နှင့် သားအငယ်ကြား ဆက်ဆံရေး ထိခိုက်မှုပင် ဖြစ်တော့သည်။
“ ပြောရန်စကား ဘယ်နားက စရန်မယ် မှန်းမသိ၊ စနစ်ကြောင့် မိသားတစ်စု ကြေကွဲရတယ်။” ဟု ကျောက်မဲမှ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးတင်မောင်သိန်းက သားငယ်၏ နာရေးကို မှတ်ချက်ပြုသည်။
ယင်းသို့ပင် မန္တလေး နန်းတွင်းထောင်နှင့် အိုးဘိုထောင်အတွင်း ၁၉၉၁ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ အတူ ဖြတ်သန်းခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်း ထောင် ၂၃ နှစ်ကျော် ခံစားခဲ့ရသူ မြင်းခြံမှ ဆရာတော် ဦးသုန္ဒရဘိဝံသနှင့် ရှမ်းပြည်နိုင်ကျဉ်းဟောင်း ဦးစိုင်းမျိုးမြင့်တို့ကလည်း လောကဓံတရားကို တွေ့ကြုံဖူးသူများ ဖြစ်သည်နှင့်အညီ တရားဖြင့် ကူညီ ဖြေသိမ့် ဆုတောင်းပေးခဲ့ကြသည်။ ဤသို့ပင် စာရေးသူ၏ သတင်းမီဒီယာတိုက်နှင့် မိတ်ဆွေများ၊ နိုင်ငံရေးနှင့် သတင်းလောက အသိုင်းအဝန်းမှလည်း ကူငွေ ကူစကားတို့ဖြင့် အားပေးနှစ်သိမ့်ခဲ့ကြသဖြင့် အားလုံးကို ဤနေရာက အထူးပင် ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါသည်။ ပြုသမျှ ကုသိုလ်အစုစု နိဗ္ဗာန်သို့ အထောက်အပံ့ပြု သာဓု ခေါ်နိုင်ကြပါစေ။
အမှန်တော့ မိမိတို့၏ သားသမီးများ မူးယစ်ဆေးဝါးဘေး ကင်းဝေးစေရန်မှာ မိဘများတွင် ပြုစု စောင့်ရှောက်နည်း လိုအပ်လှကြောင်း စိတ်ရောဂါ အထူးကု ဆရာဝန်ကြီး ဒေါက်တာ ကျော်ထက်ဒိုးက မိဘများနှင့် အုပ်ထိန်းသူများအတွက် လမ်းညွှန်စာအုပ်တွင် ဆိုထားသည်။ ထိုစာအုပ် အမှာစကားတွင် မူးယစ်ဆေးဝါးကို မိဘတိုင်း ကြောက်ကြကြောင်း၊ သားသမီးများ မူးယစ်ဆေး မသုံးစွဲစေရန် မည်ကဲ့သို့ ပြုလုပ်ရမည်ကို သိရှိထားရန် လိုအပ်ပြီး မူးယစ်ဆေးစွဲ ရောဂါဆိုသည်မှာ ကာကွယ်၍ ရသော စိတ်ပိုင်းဆိုင်ရာ ရောဂါတစ်မျိုး ဖြစ်ကြောင်း၊ မူလတန်းအရွယ်မှ စကာ လက္ခဏာ ပြတတ်သဖြင့် ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများ ပြုလုပ်ရန် အရေးကြီးကြောင်း၊ မူးယစ်ဆေးစွဲ ရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းစဉ်များကို ဆောလျင်စွာ ဆောင်ရွက်ထားသင့်ကြောင်း ဆိုထားပါသည်။
မိဘများ အားလုံး ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများတွင် မိမိတို့၏ ကလေးငယ် အသက် ၉ နှစ်ကျော်မှ စ၍ အမှား/အမှန်ကို ဆုံးဖြတ်တတ်စေရန်၊ မိမိကိုယ်ကို လုံခြုံအောင် ကာကွယ်တတ်စေရန် အလေ့အကျင့်ကောင်းများ တည်ဆောက်ပေးရန်နှင့် သူငယ်ချင်းများ၊ အခြားသူများနှင့် ပေါင်းသင်းတတ်အောာင် သင်ကြား သွန်သင်ပေးရန် လိုအပ်ပြီး မိဘနှင့် သားသမီး နွေးထွေး ရင်းနှီးစွာ ဆက်ဆံရေး ရှိရန် အထူးလိုအပ်သည်ဟု ဆိုထားပါသည်။
မိဘများထံက မူးယစ်ဆေးဝါး သုံးစွဲခြင်း၏ ဆိုးကျိုးကို ကြားသိထားသည့် ကလေးများသည် ဆေးခြောက် သုံးစွဲမှု ၃၆ ရာခိုင်နှုန်း၊ စိတ်ကြွဆေးပြားများ သုံးစွဲမှုကို ၅၆ ရာခိုင်နှုန်းအထိ လျော့ကျစေသည်ဟု ဆိုသည်။ စံပြပုဂ္ဂိုလ် ဖြစ်ရမည့် မိဘများ နေရာတွင် အခြား မကောင်းသည့် အပေါင်းအသင်းများ ဝင် နေရာယူလာပါက အဆိုပါ ကလေးသည် စံလွဲ၍ မူးယစ်ဆေးသမား ဖြစ်ရန် ရာခိုင်နှုန်း များပြားသည်ဟု ဆိုသည်။
မူးယစ်ဆေးဝါး သုံးစွဲခြင်းတွင် စားခြင်း၊ ရှူခြင်းနှင့် အကြောထဲ ထိုးခြင်းဟူ၍ ယေဘူယျ ခွဲခြားနိုင်ပြီး အသားကို ခွဲ၍ ဘိန်းဖြူ သိပ်ခြင်း၊ နှုတ်ခမ်းကို ကုတ်ကင်း ပွတ်ခြင်း စသည်များလည်း ရှိပေသည်။ မူးယစ်ဆေးသုံးစွဲသူကို Drug User (DU) ဟု ခေါ်ပြီး မူးယစ်ဆေးအကြောတွင်း ထိုးသွင်းသူကို Injecting Drug User ဟု ခေါ်တွင်ရာ ယခု အိုက်နောင့် သေဆုံးခြင်းမှာ အမဲခေါ် ဘိန်းမဲအား ချောင်းဆိုးပျောက်ဆိုးနှင့် တွဲသုံးသည့် Formula က တဆင့် ဘိန်းဖြူကို အကြောတွင်း သွင်းသည့် အဆင့် ကြာမြင့်လာမှုကြောင့်ပင် ဖြစ်ပေသည်။
အိုက်နောင့်အား ထိုင်းနိုင်ငံတွင် ၂ ကြိမ်၊ တာချီလိတ်ဆေးရုံဟောင်းတွင် ၁ ကြိမ်၊ မိုင်းတုံဆေးရုံတွင် ၁ ကြိမ်၊ ကျိုင်းတုံဆေးရုံတွင် ၁ ကြိမ် ဆေးဖြတ်စေသော်လည်း ၎င်းအနေဖြင့် မပြတ်ခဲ့သည့်အပြင် နောက်ဆုံးအကြိမ်တွင် ၎င်းခံစားနေရသည့် နှလုံးဝေဒနာအား ဆေးရုံတက်ရောက် ကုသမှုခံယူပါက မူးယစ်ဆေးဝါး မသုံးစွဲရမည်ကို စိုးရွံ့သဖြင့် ဆေးရုံတက်ရန် မည်မျှပင် အနု/အကြမ်းနည်းဖြင့် တိုက်တွန်းသော်လည်း မရခဲ့သည့်အပြင် ၎င်းကိုယ်တိုင်ကပင် ၎င်းသွားရမည့် အသေ ထွက်လမ်းကိုပင် ရွေးချယ်သွားခဲ့ခြင်းဟုပင် ဆိုနိုင်ပေသည်။
မူးယစ်ဆေးဝါး စွဲမှုနွံ (အဆိုးဘုံ) တွင် အရှင် ထွက်နိုင်သူမှာ တစ်သိန်းလျှင် တစ်ယောက်မျှသာ ရှိသည်ဖြစ်ရာ အိုက်နောင့်ကဲ့သို့ အသက် ငယ်ငယ်ရွယ်ရွယ်ဖြင့် အသေ ထွက်ရသူများချည့် ဖြစ်ကြောင်း မူဆယ်၊ တာချီလိတ် စသည်မြို့နယ်များရှိ လူမှုရေးအသင်းများက သိရှိကြပေသည်။ မူဆယ်မှ ဂရုဏာလူမှုကူညီရေးအသင်းမှ ဦးသောင်းထွန်း၏ အဆိုအရ တစ်ရက်လျှင် တစ်ဦးမျှ လမ်းဘေး၊ ချုံကြား၊ တဲစုတ်များအတွင်း သေဆုံးနေကြသည်ဟု သိရသည်။
မည်သို့ပင်ဆိုစေ လူမှုဝန်းကျင် မိသားစုများတွင် ယင်းကဲ့သို့ မူးယစ်ဆေးစွဲသူ တစ်ဦးမျှ ရှိလျှင်ပင် မကောင်းဆိုးဝါး စွဲကပ်ခံရသည့် အနေအထားဖြင့် နောက်ဆုံး၌ သေကွဲ ကွဲကြရသည်သာ ဖြစ်ပေသည်။ သေကွဲ မကွဲလျှင်လည်း ထောင်ကျခြင်းဖြင့်ပင် ရှင်ကွဲကွဲ ကြရပေသည် ဖြစ်ရာ မူးယစ်ဆေးကို မသုံးမစွဲ၊ မရောင်းနိုင်ကြစေရန် အားပေးနေသည့် အသိုင်းအဝန်းများကို မူဆစ်ဆေးကို အား မပေးသည့် နည်းလမ်းဖြင့် ရှင်းလင်းကြရန် တိုက်တွန်းလိုပါသည်။
အိုက်နောင့်သည် သေမည်ကို သိသော်လည်း သေသည်အထိ မူးယစ်ဆေးအပေါ် ဖြတ်တောက်၍ မရနိုင်သည်ကို သံဝေဂယူရင်း ဝေဒနာ ခံစားနေရချိန်တွင် အဘယ်မျှ အော်ဟစ် ငြီးငြူခဲ့သော်လည်း နောက်ဆုံးအချိန်တွင်တော့ ဘုန်းကြီး ဝတ်ချင်သည်ဆိုသည့် ဗုဒ္ဓဘာသာဝင် တစ်ဦး၏ စွဲစိတ်၊ ၎င်းသေမည်ကို မိခင် မမြင်စေချင်သည့် စိတ်ဖြင့် အသိ၊ သတိများဖြင့် ဘဝကူးသွားသည်ဟု မိဘများက ဖြေသာပါသည်။
သေမည်ကိုကြောက်ခြင်း၊ အော်ဟစ် ရုန်းကန်ခြင်း၊ တမ်းတ ငိုကြွေးများ မပြုခဲ့သည်ကပင် သူ့ဘဝကို အကောင်းဆုံး အဆုံး သတ်သွားနိုင်သည်ဟု မှတ်ယူခဲ့ပါသည်။ မည်သည့် အာဃာတစိတ်၊ မည်သည့် လောဘ၊ ဒေါသ၊ မောဟ ၊ မာန တရားများ မကပ်ငြိသည့် သူတော်ကောင်း တရားများ ရှင်သန်သည့် မေတ္တာများဖြင့် ထုံမွှန်းသည့် လူ့လောက တစ်ခွင် အလှဆင်သည့် အနေဖြင့် အဆိုးဘုံမှ လွတ်မြောက်သွားသည့် လူငယ်တစ်ဦးအတွက် ကောင်းမှု အစုစုကို အမျှပေးဝေရင်း သာဓု အနုမောဒနာ ခေါ်ယူနိုင်ကြပါစေ။ ။
[အယ်ဒီတာ မှတ်ချက်။ ယခု ဆောင်းပါးသည် စာရေးသူ၏ ကိုယ်တွေ့ ဖြစ်ရပ်မှန်ကို အမှန်အတိုင်း ရေးသားထားခြင်း ဖြစ်သည့်အတွက် စာဖတ်သူများအနေဖြင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ဆိုးပြစ်ကို သိရှိ ခံစားမည်ဟု ယုံကြည် မိပါကြောင်းနှင့် ယခင်က ဖော်ပြဖူးသော အဆိုးဘုံ ဆောင်းပါးကို https://www.facebook.com/kanbawzatai/posts/760653447475657 တွင် ဖတ်ရှုနိုင်ပါသည်။]
.