လာမည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ရီလအတွင်း စတင်တော့မည့် တတိယအကြိမ် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်များအတွက် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များစာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာလ ၃၀ ရက်တွင် ကြေညာချက်အမှတ်(၂၇၁/၂ဝ၂ဝ) ဖြင့် ကြေညာရာတွင် တပ်မတော်သား ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၃၅ ဦး၏ စာရင်းကိုပါ ထည့်သွင်း ကြေညာခဲ့ကြောင်း သိရသည်။
.
အဆိုပါတပ်မတော်သား ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များတွင် လက်ရှိ ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦး အပါအဝင် ဗိုလ်မှူးကြီး ၂ ဦး၊ ဒုတိယဗိုလ်မှူးကြီး ၃ ဦး၊ ဗိုလ်မှူး ၁၅ ဦး၊ ဗိုလ်ကြီး ၁၄ ဦး၊ စုစုပေါင်း ၃၅ ဦး ပါဝင်ကြောင်း သိရသည်။
.
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အမည်စာရင်းအပြင် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၁၀ ဦး၊ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၅၆ ဦး၏ အမည်စာရင်းများကိုလည်း ထုတ်ပြန်ကြေညာခဲ့သည်။
.
လွှတ်တော်အလိုက် ရွေးကောက်ပွဲ ဥပဒေအခန်း(၈)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း ပေးပို့လာသည့် တပ်မတော်သားများအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီးနောက် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၃၁ အရ တပ်မတော်သား ကိုယ်စားလှယ်များ ဖြစ်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။
.
တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်တွင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၉၈ ဦး၊ တိုင်းရင်းသားရေးရာ ကိုယ်စားလှယ် ၇ ဦးနှင့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ၃၅ ဦး၊ စုစုပေါင်း ၁၄၀ ဦး ပါဝင်မည် ဖြစ်သည်။
.