စုလှိုင်
.
ညောင်ရွှေ မြို့နယ်၊ အင်းလေးကန်ဒေသ၌ ခရမ်းချဉ်စိုက်ခင်းများ အထွက်နှုန်း ကောင်းသော်လည်း စျေးကွက် မရသဖြင့် တောင်သူများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။
.
“ တခြားဒေသမှာ စျေးကျတော့ အင်းထဲက အသီးတွေ စျေး ရမလားဆိုတော့၊ မန္တလေးမှာ (COVID-19) ပိုး တွေ့တယ်၊ ညောင်ရွှေ ပိုးတွေ့တယ် ဆိုတဲ့ အသံကြားတာနဲ့ ဝယ်မယ့်သူတွေက ကြောက်ပြီး မဝယ်ထည့်တော့ဘူး။ စျေး ကျတာက တစ်ပိုင်းပေါ့။ မြေသြဇာတွေ ယူပြီး လုပ်ကြတဲ့ တောင်သူတွေက ပြန် မဆပ်နိုင်။ နောက်တစ်ခုက ချေးငွေ ယူပြီး လုပ်ကြတဲ့ သူတွေကလည်း ပြန် မဆပ်နိုင်ကြတော့ တော်တော် အခက်အခဲ ရှိကြတယ်။”ဟု ခရမ်းချဉ်စိုက် တောင်သူ ဦးကျော်ခိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အင်းလေးကန်တွင်းသို့ နုန်းများ ဝင်လာပြီး ရေနည်းသည့် အခြေအနေများကြောင့် ခရမ်းချဉ်စိုက် တောင်သူများ အနေဖြင့် စျေးကွက်ရမည့် သီးနှံများ စိုက်ပျိုး၍ မရဘဲ ခရမ်းချဉ် အမှည့်စျေးများလည်း ကျဆင်းနေခြင်းကြောင့် စျေးကွက် ထိန်းမရဘဲ ဖြစ်ပေါ်နေကြောင်းလည်း ၎င်းထံမှ သိရသည်။
.
“ အခက်အခဲက သွားရေးလာရေး မလွယ်ကူတာပေါ့။ အထွက်နှုန်းနဲ့ စျေးနဲ့ မကိုက်ဘူး။ တောင်သူတွေ အရှုံး ပြကြတာပေါ့။ ပုံမှန်ကာလ ဆိုရင် စျေးကောင်းရတဲ့ အချိန်ပေါ့၊ အခုက COVID ကာလဆိုတော့ ဒီစျေးက အဆင်မပြေဘူး။ COVID ကာလကြောင့် အသွားအလာ ခက်ခဲတာရယ်။ လူတွေက အိမ်ပြင် မထွက်တာရယ်။ စားသောက်ဆိုင်တွေ ပိတ်ထားတာလည်း ပါတာပေါ့။ ”ဟု ခရမ်းချဉ်စိုက် တောင်သူ ဦးကျော်ဇင်လတ်က ရှင်းပြသည်။
.
COVID- 19 ကပ်ရောဂါ ပထမလှိုင်းတွင် ဒေသတွင်း ပိုး တွေ့ရှိသူ အနည်းငယ်သာ ရှိသောကြောင့် စျေး ရသော်လည်း ယခု ဒုတိယလှိုင်းတွင် စျေးကွက် မရရှိဘဲ တောင်သူများအတွက် ဆုံးရှုံးမှု ကြီးမားကာ ကုန်ကျစရိတ်နှင့် မမျှတဘဲ ပြန်လည် စိုက်ပျိုးရန်အတွက်လည်း အခက်အခဲ ဖြစ်ပေါ်နေကြကြောင်း သိရသည်။
.
“ စိုက်ပျိုး ထုတ်လုပ်တဲ့ တောင်သူတွေအတွက် ခိုင်မာတဲ့ စျေးကွက် ရစေချင်တယ်။ တောင်သူတွေ ရပ်တည်နိုင်အောင်ပေါ့။ နှစ်စဉ် အရှုံးနဲ့ ရင်ဆိုင်ရမယ်ဆိုရင် ရေရှည်မှာ ရပ်တည်ဖို့ မလွယ်ဘူး။ ခက်ခဲလာမယ်။ ကြပ်တည်းလာမယ်။ အဲတာလေးကို ပြေလည်အောင် တာဝန်ရှိသူတွေ အနေနဲ့ လုပ်ပေးစေချင်တယ်။ ပံ့ပိုးကူညီမှု၊ နည်းပညာတွေ၊ စရိတ် ကာမိအောင် စျေးကွက် ပို ခိုင်မာအောင် လုပ်ပေးစေချင်တယ်။ စျေးကွက် တည်ငြိမ်သွားရင် စိုက်ပျိုးတဲ့ တောင်သူတွေ အကျိုးအမြတ် ရှိတာပေါ့။” ဟု ဦးကျော်ဇင်လတ်က ဆက်လက် ပြောဆိုသည်။
.
ယခင် ပုံမှန်ကာလများတွင် တစ်ပိဿာလျှင် ၇၀၀ ကျပ်မှ ၁၀၀၀ ကျပ်အထိ ရရှိခဲ့သော်လည်း ယခုလက်ရှိတွင် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၁၅၀ ကျပ်မှ ၃၀၀ ကျပ်ထိသာ ရရှိကြောင်း သိရသည်။