ကိုဗစ်-၁၉ နှင့် ပရဟိတ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကိုဗစ်-၁၉ နှင့် ပရဟိတ

စိုင်း​အောင်​ဇော်လင်း

.


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဆက်လက်ကူးစက်ပြန့်ပွားလျက်ရှိရာ ဒီဇင်ဘာ ၁၃ ရက်အထိ ဒေသတွင်းကူးစက်လူနာ ကိုးဦးရှိပြီး ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများ၊ ပြည်တွင်းရှိ Stay At Home အစီအစဉ်တွင် အကျုံးဝင်သော မြို့နယ်များနှင့် ရောဂါဖြစ်ပွားရာ မြို့နယ်များမှ ပြန်လည်ဝင်ရောက်လာသူများအား Community Based Facility Quarantine Center များတွင် အသွားအလာကန့်သတ်စောင့်ကြည့်မှု ခံယူထားလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

.



မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ဖြစ်ပေါ်လာသည့် အခြေအနေ အရပ်ရပ်နှင့်အညီ ပြင်ဆင်ဆောင်ရွက်မှုနှင့် တုံ့ပြန်ဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် ပြုလုပ်လျက်ရှိရာ ကိုဗစ်-၁၉ ကို ရင်ဆိုင်ကျော်လွှားနိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီက ဦးဆောင်ပြီး လူထုလူတန်းစားအသီးသီးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

.

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အထူးသဖြင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် မျိုးဆက်သစ်ရောင်နီ ပရဟိတ လူမှုကူညီရေးအသင်းသည် ပြည်သူလူထု၏ ပံ့ပိုးကူညီပေးမှုများဖြင့် ကျန်းမာရေးနှင့်အတူ ရှေ့တန်းနေရာမှ စွမ်းစွမ်းတမံ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်။

.


ယခုအခါ မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် မျိုးဆက်သစ်ရောင်နီ ပရဟိတ လူမှုကူညီရေးအသင်းသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက်ထိန်းချုပ်နိုင်ရန် ပြည်သူများအား နှိုးဆော်ခြင်း၊ FQ ဝင်/ထွက်သူများကို ပို့ဆောင်ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရခြင်း ရှိ၊ မရှိ စစ်ဆေးရန် အသွား/ပြန် ပို့ဆောင်ပေးခြင်း၊ ပိုးတွေ့သူများကို ဆေးကုသမှု ခံယူနိုင်ရန်အတွက် မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ယာယီဆေးကုသဆောင်သို့ ပို့ဆောင်ပေးခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။

.

ကိုဗစ်-၁၉ ပိုးတွေ့လူနာ မိသားစုနေထိုင်ရာ နေအိမ်နှင့် ခြံဝန်းအား ပိုးသတ်ဆေးဖျန်းခြင်း၊ နေအိမ်တွင် Home Quarantine ဝင်ရောက်လျက်ရှိသော အတည်ပြုလူနာ၏ မိသားစုဝင်များအား စိတ်ဓာတ်ခွန်အား မြင့်မားစေရန် နှစ်သိမ့်ဆွေးနွေးခြင်း၊ ရောဂါဖြစ်ပွားရာဒေသမှ ပြန်လာသူများ၏ အတူနေမိသားစုဝင်များ လိုက်နာရန်အချက်များ၊ Home Quarantine ဝင်ရောက်နေစဉ် လိုက်ရန်အချက်များကို အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့သည်။

.

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ပြည်သူများ နေအိမ်တွင်နေထိုင်ရေး ပန်ကြားချက်၊ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဆက်လက်ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အရေးကြီးနေရာဌာနများ၊ အများပြည်သူနေရာဌာနများတွင် ပိုးသတ်ဆေးဖျန်းခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ ဗီးနိုင်းပိုစတာများ ကပ်ခြင်း၊ ချိတ်ဆွဲခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးလှုပ်ရှားမှု စသည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။

.

ဝေးလံခေါင်သီ၍ သွားလာရခက်ခဲသော တောင်ပေါ်ကျေးရွာများသို့ နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များ၊ ဆပ်ပြာခဲများ အခမဲ့ ပေးဝေခြင်း၊ အသိပညာပေး ဟောပြောခြင်း၊ သက်ကြီးရွယ်အိုများအတွက် သတိထားပေးပါ၊ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေပါ၊ ပါးစပ်နှင့် နှာခေါင်းစည်း စနစ်တကျ ဝတ်ဆင်ခြင်းများကို Hand Speaker ဖြင့် လှည့်လည် ဆော်ဩ အသိပေးခြင်းလည်း သွားရောက်၍ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

.

ကိုဗစ်-၁၉ ကာလတွင် စိတ်ဖိစီးမှုများကို ကျော်လွှားနိုင်ရေး အသိပေးနှိုးဆော်ခြင်း၊ သက်ကြီးရွယ်အိုများ စောင့်ရှောက်ခြင်းဆိုင်ရာ အသိပေးကြေညာချက်၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအနေဖြင့် ကျန်းမာကြံ့ခိုင်မှု မဆုံးရှုံးစေရေးအတွက် အဟာရရှိသည့်ငါးများ စသည့် အစားအစာများ ပေါပေါများများဖြင့် ဗီတာမင်ဓာတ် ပြည့်ဝအောင် စားသုံးသင့်သည်များကိုလည်း ပညာပေးခြင်း၊ လူမှုကွန်ရက်မှ ကြော်ငြာခြင်းများ ပြုလုပ်ခဲ့သည်။

.

ပြည်ပပြန်များနှင့် စပ်လျဉ်း၍ အသိပေးကြေညာချက်၊ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်သာ ရောင်းချသွားရန်နှင့် ရောင်းချရာတွင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာရန်၊ နေအိမ်ပြင်ပသို့ ထွက်၍ သွားလာမည့်သူများအနေဖြင့် နှာခေါင်းစည်းတပ်ဆင်ပြီး သွားလာကြရန် အသိပေးနှိုးဆော်မှုများကို စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။

.

ကိုဗစ်-၁၉ ကာကွယ်ရေးအပြင် မတော်တဆ ထိခိုက်ဒဏ်ရာရရှိသူများကို ရှေးဦးပြုစုပေးခြင်း၊ ဆေးကုသမှုခံယူနိုင်ရန် ဆေးရုံသို့ ပို့ဆောင်ပေးခြင်း၊ နာရေးတွင် သဂြိုလ်ရန်အတွက် လိုအပ်သည်များ ကူညီပေးခြင်း၊ မီးသဂြိုလ်ပေးခြင်း၊ သွေးလိုအပ်သည့် လူနာများအတွက် သွေးအလှူရှင်များ ဖိတ်ခေါ်ခြင်း၊ ကိုယ်တိုင်သွေးလှူဒါန်းခြင်း၊ အရေးပေါ်လူနာများကို ကျိုင်းတုံပြည့်သူ့ဆေးရုံ၊ တာချီလိတ်ပြည်သူ့ဆေးရုံ၊ မိုင်းဖြတ်ပြည်သူ့ဆေးရုံသို့ အချိန်မရွေး ကူညီပို့ဆောင်ပေးခြင်း၊ အများပြည်သူနေရာဌာနများတွင် ပေါင်းမြက်ခုတ်ထွင်ရှင်းလင်းခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်း၊ အမှိုက်ကောက်ခြင်း စသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကိုလည်း လုပ်ဆောင်လျက်ရှိသည်။

.

ပြည်သူများ လူမှုစီးပွားလုပ်ငန်းများ ဆောင်ရွက်ရာ၌ ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်ရန်၊ ဈေးဝယ်သူများ ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်ရန်၊ ဈေးရောင်းချသူများတွင် ပါးစပ်နှင့် နှာခေါင်းစည်းနှင့် မျက်နှာအကာ တပ်ဆင်ရောင်းချရန်၊ အများပြည်သူဆိုင်သောနေရာများတွင် ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်သွားလာရန်၊ အများပြည်သူသုံး ဘတ်စ်ကားများပေါ်တွင် ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်စီးနင်းရန်နှင့် စီးနင်းနေစဉ် လမ်းခရီးတွင် ပါးစပ်နှင့် နှာခေါင်းစည်း ချွတ်ခြင်း/မေးသိုင်းခြင်းများ မပြုလုပ်ရန်၊ ဘတ်စ်ကားနှင့် အငှားယဉ်မောင်းသူများသည် ပါးစပ်နှင့် နှာခေါင်းစည်းနှင့် မျက်နှာအကာ မဖြစ်မနေ တပ်ဆင်ရန်၊ လူ(၃၀)ဦးထက် စုဝေးခြင်း မပြုလုပ်ရန်၊ စက်ရုံ အလုပ်ရုံများတွင် ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းများ တိကျစွာ လိုက်နာဆောင်ရွက်ရန် စသော ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းများ လိုက်နာရေး အသိပညာပေးလုပ်ငန်းတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီနှင့် ပါဝင်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

.

မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာ၊ မိုင်းယောင်း လူငယ် ဘုံဆွမ်းလောင်းအသင်း၊ နာရေး ကူညီမှုအသင်း၊ နိုဘယ် လူမှုကူညီရေးအသင်း၊ MERCY လူမှုကူညီရေးအသင်း၊ WERE WOLF Mong Yawng လူငယ်များအဖွဲ့၊ King of King Mong Yawng လူငယ်အဖွဲ့၊ Nom Jom Zai Mong Yawng လူငယ်များအဖွဲ့၊ Mong Yawng Audio Association Group၊ ROSESARGHAN လူငယ်အဖွဲ့ စသည့် မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များကလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် တစ်တပ်တစ်အား ပံ့ပိုးကူညီပေးခဲ့ကြသည်။

.

ကိုဗစ်-၁၉ ရောဂါသည် အများပြည်သူတို့၏ လူမှုရေး၊ စီးပွားရေးတို့ကို ထိခိုက်စေသည့်အပြင် လူ့အသက် သေဆုံးသည်အထိ ကျန်းမာရေးကို ထိခိုက်စေနိုင်သဖြင့် ကိုဗစ်-၁၉ ရောဂါအား အတိုင်းအတာတစ်ခုအထိ ကောင်းစွာထိန်းချုပ်ထားနိုင်ရန်အတွက် မလိုအပ်ဘဲ အိမ်အပြင် မထွက်ကြပါနဲ့၊ မဖြစ်မနေ ထွက်ရပါက နှာခေါင်းစည်းတပ်ပါ၊ အိမ်ပြန်ရောက်တဲ့အခါ နှာခေါင်းစည်းကို စနစ်တကျ ပြန်လည်စွန့်ပစ်ပါ၊ လက်ဆေးပါ၊ လူစုလူဝေးရှောင်ပါ စသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများကို လိုက်နာမှု ရာခိုင်နှုန်းများပြားရန် အရေးကြီးပြီး ယခုအချိန်တွင် ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းလိုက်နာမှုသည် အဓိကဖြစ်သည်။

.

အချုပ်အားဖြင့် မိမိတို့ ကြိုးစားထမ်းဆောင်သော ပေးဆပ်ထားရှိသည့် စေတနာများနှင့် အကျိုးကျေးဇူးများကို မမျော်ကိုးဘဲ ကိုယ်ကျိုးစွန့် အနစ်နာခံပြီး ပြည်သူများ ဘေးကင်းလုံခြုံရေးအတွက် ကိုဗစ်-၁၉ ရောဂါနှင့် ရှေ့တန်းစစ်မျက်နှာတွင် သက်စွန့်ကြိုးပမ်း တိုက်ပွဲဝင်နေသည့် ပရဟိတသမားများ သို့မဟုတ် ကိုဗစ်-၁၉ ကပ်ရောဂါအတွက် ကိုယ်ကျိုးစွန့် ဆောင်ရွက်သူများအား ဂုဏ်ပြုရေးသားလိုက်ရပါသည်။ 

Journal Download

Photo of three cats