ရှမ်းပြည်ညီညွှတ်ရေးကော်မတီ (CSSU) အထူးအစည်းအဝေး ကျင်းပပြီးစီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်ညီညွှတ်ရေးကော်မတီ (CSSU) အထူးအစည်းအဝေး ကျင်းပပြီးစီး

မင်းဇော်မင်း

.

ရှမ်းပြည်ညီညွတ်ရေးကော်မတီ (ommittee for Shan State Unity) ၏ အထူးအစည်းအဝေးကို ဒီဇင်ဘာလ ၁၇ ရက်မှ ၁၉ ရက်အထိ အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့ပြီး အစည်းအဝေးတွင် မိုင်းကိုင်မြို့နယ်၌ ဆက်စပ်ရွေးကောက်ပွဲ ကျင်းပနိုင်ရေးကို ဆွေးနွေးခဲ့သည်ဟု သိရသည်။

.

.

အစည်းအဝေး ပထမနေ့တွင် ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်တို့က အဖွင့်အမှာစကားများ ပြောကြားခဲ့သည်ဟု သိရသည်။

.

အဆိုပါ အစည်းအဝေးသို့ CSSU အဖွဲ့ဝင် အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ၊ မူဝါဒ အကြံပေးများနှင့် နည်းပညာအကြံပေးများ စုစုပေါင်း ၆၅ ဦးတက်ရောက်ခဲ့ပြီး ၂၀၂ဝ ပြည့်နှစ် လှုပ်ရှားဆောင်ရွက်မှု အစီရင်ခံစာ၊ ပြီးခဲ့သည့် သြဂုတ်လအတွင်းက ကျင်းပခဲ့သည့် ၂၁ ရာစု ပင်လုံ (စတုတ္ထအစည်းအဝေး)ဆိုင်ရာ ကိစ္စရပ်များ၊ နိုဝင်ဘာလက ကျင်းပပြီးစီးခဲ့သည့် အထွေထွေရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ၊  ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်တို့တွင် ဆက်စပ်ရွေးကောက်ပွဲကျင်းပရန် ကိစ္စရပ်များ၊ နိုင်ငံရေးအခင်းအကျင်းများနှင့် BRI-CMEC ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု သိရသည်။

.

ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် စိုင်းကျော်ညွန့်က “မိုင်းကိုင်ပြည်သူ ၁ဝဝဝဝ ကျော်လက်မှတ်ထိုးပြီး ပါတီ ၄ ခုက ရွေးကောက်ပွဲလုပ်ပေးဖို့တင် ပြထားတာရှိသလို CSSU အနေနဲ့ ရွေးကောက်ပွဲကော်မရှင်ကို ပြောနေတာတွေ ရှိပါတယ်။ ပြီးတော့ ရှမ်းလက်နက်ကိုင် အဖွဲ့အချင်းချင်းအောက်ခြေမှာ တိုက်ပွဲဖြစ်ပွားမှုကို ညှိနှိုင်းဆောင်ရွက်ဖို့တွေ လည်း ဆွေးနွေးကြပါတယ်။ အဓိကတော့ ပြည်သူတွေကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကော်မတီမှာပါတဲ့ ခေါင်းဆောင် အချင်းချင်းတွေ ညှိနှိုင်းပြီး ဖြေရှင်းဆောင်ရွက်နေကြတာပါ? CSSU အနေနဲ့ ပျောက်နေတာ မဟုတ်ပါဘူး။ ရှမ်းပြည်နယ်နဲ့ ပြည်သူတွေအတွက် အလုပ်လုပ်နေတာပါ” ဟု ပြောကြားခဲ့သည်။

.

အစည်းအဝေးတွင် ရှမ်းပြည်နယ်အတွင်း လက်ရှိ ဆက်လက်ဖြစ်ပွားနေသည့် ထိုးစစ်ဆင်မှုများ၊ တိုက်ပွဲများနှင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု စီမံကိန်းများကြောင့် ဖြစ်ပေါ်လာသည့် ပဋိပက္ခများ။ ရှမ်းပြည်အတွင်းရှိ ဒေသခံပြည်သူများ အားလုံး ရင်ဆိုင်တွေ့ကြုံနေရသည့် အခက်အခဲများ၊ မလုံခြုံမှုနှင့်ပတ်သက်သည် များကိုဆွေးနွေးခဲ့ကြပြီး CSSU အနေဖြင့် ပြည်သူများရင်ဆိုင်နေရသည့် လတ်တလော အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရေး ၀ိုင်းဝန်းဆွေးနွေး ခဲ့ကြသည်ဟု သိရသည်။

.

ထို့အပြင် ရှေ့ဆက်ဆောင်ရွက်ရမည့် မပြီးပြတ်သေးသည့် တိုင်းရင်းသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ခြင်းမှ ရေရှည်တည်တံ့ခိုင်မြဲသည့်  ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်သွားကြမည့် နည်းလမ်းများကို ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

.

ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားများအကြား စည်းလုံးညီညွတ်ရေးကို အဓိကထားဆောင်ရွက်သွားကြရမည့်အပြင် စုပေါင်းအင်အား (Collective Strebgth)၊ စုပေါင်းဦးဆောင်မှု (Collective Leadership) နှင့် စုပေါင်းအကောင်အထည် ဖော်ခြင်း (Collective Action) တို့ဖြင့်ဆောင်ရွက်သွားရန် ကော်မတီခေါင်းဆောင်များက လမ်းညွှန်မှုပေးခဲ့သည်ဟု သိရသည်။

.

အစည်းအဝေး နောက်ဆုံးနေ့ဖြစ်သော ဒီဇင်ဘာလ ၁၉ ရက်၊ နေ့လယ်ပိုင်းတွင် SSJAC ဒုတိယဥက္ကဋ္ဌ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) နာယက ဗိုလ်ချုပ်ကြီးဆေထင်က အမှာစကား ပြောကြားခဲ့သည်ဟု သိရသည်။

.

ရှမ်းပြည်ညီညွတ်ရေးကော်မတီ (Committee for Shan State Unity) ကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (SSJAC) တို့ဖြင့် စတင်ဖွဲ့စည်းခဲ့ရာ SSJAC တွင် ရှမ်းပြည်တိုးတက်ရေးကောင်စီ SSPP/SSA၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နှင့် ဆင်ကျော့ ပြည်သူ့စစ်အဖွဲ့တို့ပါဝင်ပြီး အရပ်ဘက် လူမှုအဖွဲ့အစည်း ၅ ခု လည်း ပါဝင်ဖွဲ့စည်းထားကြောင်း သိရသည်။

.


Journal Download

Photo of three cats