မင်းဇော်မင်း
.
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ဖူအဲခရိုင်၊ မုန်းလင်မြို့
ကြက်ခြေနီဌာနခွဲမှ ကူညီဆောက်လုပ်ပေးခဲ့သည့် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ပန်ဆန်းဆေးရုံရှိ
COVID-19 ရောဂါ ဓါတ်ခွဲစမ်းသပ်စစ်ဆေးရှာဖွေနိုင်သည့် PT/PCR
စက်ကို ယနေ့ ဒီဇင်ဘာလ ၆ ရက်၊ နံနက်ပိုင်းက တရုတ်နိုင်ငံမှ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု
လားရှိုးမြို့ အခြေစိုက် “ဝ” အထူးဒေသ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းထံက သိရသည်။
.
.
“အရင်တော့ တရုတ်နိုင်ငံပို့ပြီး စစ်ရတာ၊ ခုတော့
ဒေသအတွင်းမှာပဲ စစ်ဆေးနိုင်ပြီဖြစ်ပါတယ်။ အခုချိန်အထိတော့ ဒေသတွင်း
ရောဂါပိုးတွေ့တာ မရှိသေးပေမဲ့ အဝင်အထွက်ကိုတော့ ပိတ်ထားဆဲဖြစ်ပါတယ်” ဟု ဦးညီရမ်းက ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
အဆိုပါ PCR စက် လွှဲပြောင်းပေးအပ်ပွဲတွင်
“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ ကျောက်ကော်အန်းက
COVID-19 ရောဂါ ကာကွယ်တိုက်ဖျက်ရေးအတွက် အကူအညီပေးသည့် တရုတ်နိုင်ငံ၊
ယူနန် ပြည်နယ်၊ ဖူအဲခရိုင် ကြက်ခြေနီအသင်းကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး
ဖူအဲခရိုင် ကြက်ခြေနီအသင်း ကိုယ်စားလှယ် ပိုင်ယွီဖျင်က ပန်ဆန်းတွင် COVID-19 ရောဂါရှာဖွေစစ်ဆေးသည့်စက် တပ်ဆင်အသုံးပြုနိုင်ရန် ပြီးခဲ့သည့် သြဂုတ်လကတည်းက
“ဝ” ကျန်းမာရေးဌာနနှင့် ပူးပေါင်းကာ စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ဝန်ထမ်းများကို
စက်ပစ္စည်းများကိုင်တွယ်အသုံးပြုနိုင်မည့် သင်တန်းများပေးခြင်း၊
လက်တွေ့လုပ်ဆောင်စေခြင်း တို့ပြုလုပ်ခဲ့ပြီး ယခုအချိန်မှစကာ COVID-19 ရောဂါပိုးနှင့်ပတ်သက်၍ တရုတ်နိုင်ငံသို့ ပေးပို့ဓာတ်ခွဲစစ်ဆေးရန်မလိုတော့ဘဲ
ပန်ဆန်းတွင်ပင် လျှင်မြန်စွာ စစ်ဆေးအတည်ပြုနိုင်ပြီဖြစ်သဖြင့် COVID-19 ရောဂါရှာဖွေကုသရေးတွင် များစွာ အထောက်အကူပြုပြီ ဖြစ်ပါကြောင်း
ပြောကြားခဲ့သည်ဟု သိရသည်။
.
တရုတ်နိုင်ငံ၊ ဖူအဲယ်ခရိုင်ကြက်ခြေနီအသင်းမှ
ဆောက်လုပ်လှူဒါန်းပေးသည့် COVID-19 ရောဂါပိုးဓာတ်ခွဲရှာဖွေ စစ်ဆေးသည့်
စက်၏ တန်ဖိုးမှာ တရုတ်ယွမ် ၃၁၄၀၀၀၀ (အမေရိကန်ဒေါ်လာ ၄၇၇၄၂၁) ရှိကာ တရုတ်နိုင်ငံ၏ နောက်ဆုံးပေါ်
စက်ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဓါတ်ခွဲစမ်းသပ်စက်မှ ၃ နာရီတစ်ကြိမ်လျှင်
၉၂ ဦး၏ ဓါတ်ခွဲနမူနာများကို တစ်ပြိုင်နက်စစ်ဆေးပေးနိုင်မည် ဖြစ်ပြီး ဒီဇင်ဘာလ ၅ ရက်က
လူပေါင်း ၃၀ တို့၏ ဓါတ်ခွဲနမူနာများကို စမ်းသပ်စစ်ဆေးခဲ့ရာ အားလုံးတွင် Negative
အဖြေ ရရှိခဲ့ကြောင်း သိရသည်။
.
No comments:
Post a Comment