ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်းမှ ရန်ကုန်တိုင်းဒေသကြီးသို့
စေတနာ့ဝန်ထမ်းအဖြစ် ကူညီရန် သွားရောက်သည့် ကျန်းမာရေး ဝန်ထမ်း ၆ ဦးနှင့် ယမန်နေ့ ဒီဇင်ဘာလ
၃ ရက်၊ ညပိုင်းက ရန်ကုန်မှ ပြန်ရောက်လာသည့် ကျန်းမာရေးဝန်ထမ်း တစ်ဦး တို့တွင် COVID-19
ရောဂါပိုး တွေ့ရှိခဲ့သည်ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ
သိရသည်။
.
.“၆ ဦး ပိုးတွေ့တာ ဟုတ်ပါတယ်။ Volunteer အနေနဲ့ လွှတ်တာဆိုတော့ ဒီမှာတော့ ဆေးစစ်တာ၊ Quarantine ထားတာမျိုး မရှိပါဘူး။ သူတို့တွေ COVID-19 လူနာ ရှိတဲ့ဆေးရုံမှာ တာဝန်ကျပြီး ပြန်ထွက်လာတဲ့ အချိန်မျိုး ဆိုရင်တော့ Quarantine ထားတာ၊ ဆေးစစ်တာ လုပ်ရပါတယ်။ အခုတော့ သူတို့ကို အဲဒီလို နေရာမှာ တာဝန် ကျဖူးလား ဆိုတာ သေချာ ပြန်ပြီး စုံစမ်းနေပါတယ်။ အမျိုးသမီးနဲ့ ကလေးဆေးရုံက ၂ ယောက်ကတော့ Comfirm Case တွေမှာ တာဝန်တော့ ကျဖူးတယ်။ ဒါပေမဲ့ တာဝန်ပြီးလို့ သီးခြားလည်း ၇ ရက် နေပြီးသားပါ။ ရန်ကုန်ရောက်လို့ သုဝဏ္ဏစင်တာမှာ တာဝန်ကျတော့ ဂျူတီမဝင်ခင် စစ်တဲ့အချိန်မှာ ပိုးတွေ့တာပါ။ ထိတွေ့မှုကိုတော့ သေချာ ပြန်လိုက်နေဆဲပါ” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါက်တာ သူဇာချစ်တင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ ယမန်နေ့ ဒီဇင်ဘာလ ၃ ရက်ညပိုင်းက ရန်ကုန်တိုင်းဒေသကြီးတွင်
စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်ပြီး ပြန်လည် ရောက်ရှိလာသည့် ကျန်းမာရေးဝန်ထမ်းများအား
Rapid Test Kit ဖြင့် စစ်ဆေးခဲ့ရာ တစ်ဦးတွင် COVID-19
ရောဂါပိုး တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
.
“ပြည်သူ့ကျန်းမာဘက်က သူနာပြု ဆရာမ ၂၁
ယောက်ပြန်လာတာကို Test kit နဲ့ စစ်လိုက်တော့ တစ်ယောက်တွေ့ တယ်။
ကျန်တာကတော့ ရန်ကုန် သွားတာမှာ ဟိုရောက်မှ စစ်လို့ တွေ့တာပါ” ဟု ယင်းဌာနမှ လက်ထောက်
ညွှန်ကြားရေးမှူး ဒေါက်တာ ဇဝနကိုက ပြောသည်။
.
ထို့အပြင် တောင်ကြီးမြို့၊ အမျိုးသမီးနှင့် ကလေးဆေးရုံမှ ဒေါက်တာ ဝတ်မှုံကလည်း အမျိုးသမီးနှင့်ကလေး ဆေးရုံမှ သွားရောက် သူများအနက် ပိုးတွေ့သူ
၂ ဦးမှာ Quarantine ၇ ပတ် နေထိုင်ခဲ့ပြီးဖြစ်ကာ ထိတွေ့သူများကို
ဆက်လက် စုံစမ်းလျက်ရှိပြီး Contact ၂၅ ဦးခန့်ရှိကြောင်း ပြောဆိုခဲ့သည်။
.