“ဝ” အထူးဒေသ(၂)တွင် COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးအတွက် နယ်စပ်ဂိတ်များနှင့် စာသင်ကျောင်းများ ပိတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

“ဝ” အထူးဒေသ(၂)တွင် COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးအတွက် နယ်စပ်ဂိတ်များနှင့် စာသင်ကျောင်းများ ပိတ်

မင်းဇော်မင်း

.

(Photo - WSTV)
 

“ဝ” အထူးဒေသ(၂)တွင် COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးအတွက် နယ်စပ်ဂိတ်များကို ၂ လကြာ ပိတ်၍ Quarantine Center ဆောက်လုပ်သွားမည် ဖြစ်ကာ စာသင်ကျောင်းများ ပိတ်ထားမည့်အပြင် ပြည်သူ့စစ် လေ့ကျင့်ခန်းများ ရပ်နားသည့် ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အရေးပေါ် အထူးသတိပေးချက်ကို ဒီဇင်ဘာလ ၁၈ ရက်က ထုတ်ပြန်ခဲ့သည်။

.

ဒေသမှ တရုတ်နိုင်ငံ၊ မုံးလင်မြို့သို့ ခိုးဝင်သွားသူ ၂ ဦးတွင် ဒီဇင်ဘာလ ၁၄ ရက်နှင့် ၁၆ ရက်တွင် COVID-19 ပိုး တွေ့ရှိခဲ့သည့် အပြင် အထူးဒေသ(၂) မိုင်းပေါက်မြို့တွင် ဒီဇင်ဘာလ ၁၇ ရက်က COVID-19 ပိုးတွေ့လူနာ ၂ ဦးကို ထပ်မံ တွေ့ရှိခဲ့ခြင်းကြောင့် ပြည်သူများ၏ ကျန်းမာလုံခြုံရေးအတွက် အထူးဒေသ(၂) တာဝန်ရှိသူများက အရေးပေါ် အထူးသတိပေးချက်ကို WSTV က တဆင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

.

ယင်း ကြေညာချက်တွင် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအတွက် ဗဟိုအစိုးရ၏ စည်းမျဉ်း ဥပဒေများအတိုင်း အကောင်အထည် ဖော်ရန်၊ ပန်ခမ်းမြို့တွင် Quarantine Center ဆောက်လုပ်ရန်၊ ပိုးတွေ့လူနာနှင့် နီးစပ်သူများ ၁၄ ရက် Quarantine ဝင်ရန်၊ သွားလာသူများ နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ရန်၊ ဒီဇင်ဘာ ၂၀ ရက်မှ တင်၍ ဒေသတွင်းရှိ ကျောင်းများ ပိတ်ထားရန်၊ ပြည်တွင်းဂိတ်များကို ဒီဇင်ဘာ၁၇ ရက်မှ စ၍ ၂ လကြာ ပိတ်ရန်၊ ဒေသအတွင်း ဆက်သွယ်ရေးလမ်းများ လူသွားလာခွင့်ကို ဒီဇင်ဘာ ၁၆ ရက်မှ စတင်ကာ ၁၀ ရက် ပိတ်ရန်၊ ယာဉ်နှင့် ကုန်များကို အထူးကျန်းမာရေး လက်မှတ် ကိုင်ထားသည့် ယာဉ်မောင်းများမှ တဆင့် သယ်ယူရန်၊ မိုင်းလားသို့ သွားလာခွင့် လက်မှတ်ကို ဒီဇင်ဘာလ ၁၇ ရက်မှ စ ၂ လကြာ ရပ်ဆိုင်းထားရန်၊ ဆောင်းရာသီ ပြည်သူ့စစ် လေ့ကျင့်ရေး အစီအစဉ်ကို ရပ်ဆိုင်းထားရန်၊ ရိက္ခာသိုလှောင်ခြင်း ၊ ကုန်ဈေးနှုန်း မြှင့်တင်ခြင်း မပြုလုပ်ရန်၊ ပုံမှန်ကုန်ဈေးနှုန်း၏ ၅ ရာခိုင်နှုန်းထက် ပို မရောင်းရန်၊ ရောင်းပါက ၁၀၀ ရာခိုင်နှုန်း ဒဏ်ငွေဆောင်ရန်၊ KTV များ ရေရှည်ပိတ်သိမ်းရန်၊ မင်္ဂလာပွဲ၊ မွေးနေ့ပွဲ၊ ပွဲလမ်းသဘင်များနှင့် ဘာသာရေးပွဲများ ပြုလုပ်ခွင့် မပြုကြောင်း၊ တောင်ပိုင်းဒေသရောဂါ ထိန်းချုပ်ရေးကို တောင်ပိုင်းဒေသ၏ စည်းမျဉ်းအတိုင်း ဆောင်ရွက်ရန်နှင့် ယခု သတိပေးချက်ကိုသာ အတည်ပြုရန်ဟု ဖော်ပြပါရှိသည်။

.

ရောဂါ ကာကွယ်ထိန်းချုပ်တဲ့ အနေနဲ့ ဒေသကို မတ်လကတည်းက အထူး ကန့်သတ်လုပ်ဆောင်ခဲ့ပေမယ့် အခုက ပိုးတွေ့တာဆိုတော့ အထူးကြပ်မတ်ပြီး လုပ်ဆောင်နေတာပါ။”ဟု ပြင်ပ ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ သတိပေးချက်ကို တပ်မဟာအသီးသီး ဒေသဆိုင်ရာ တရားရေး၊ ကျန်းမာရေး၊  ဘဏ္ဍာရေးစသည့် ဌာနဆိုင်ရာအသီးသီးတို့က လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် ပြင်ပမှ ရောဂါ ဝင်ရောက်မှုနှင့် ဒေသအတွင်း ရောဂါပြန့်ပွားမှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ရန် အပြင် မထွက်ခြင်း၊ နှာခေါင်းစည်း တပ်ခြင်း၊ လက်ကို မကြာခဏ ဆေးကြောခြင်းနှင့် လူစုလူဝေး ပြုလုပ်ခြင်းများကို ရှောင်ကြဉ်ခြင်းများ ပြုလုပ်ရန်ကိုလည်း ဖော်ပြထားသည်။

Journal Download

Photo of three cats