စုလှိုင်
.
ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာအုပ်စု၊ နန့်ပန်တက်ကျေးရွာ
စစ်ဆေးရေးဂိတ်တွင် ယနေ့ ဒီဇင်ဘာလ ၁၇ ရက်၊ နံနက်ပိုင်းက ယာဉ်မောင်း ၂ ဦးထံမှ COVID-19
ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
.
.“နန့်ပန်တတ်ဂိတ်မှာ Positive ၂ ယောက်တွေ့ပါတယ်။ ယာဥ်မောင်းတွေပဲ။ Contact မပါကြဘူး”
ဟု နန့်ပန်တက် စစ်ဆေးရေးဂိတ် တာဝန်ကျ ကလောမြို့နယ်ဆေးရုံမှ ဒေါက်တာစောမြတ်သစ္စာက
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ပိုးတွေ့လူနာများမှာ နေပြည်တော်မှ
တောင်ကြီးမြို့သို့ ထွက်ခွာလာသည့် လုမ္ဗနီခရီးသည်တင်ယာဉ်လိုင်းမှ အသက် ၃၅
နှစ်အရွယ် ယာဉ်မောင်းအမျိုးသားတစ်ဦးနှင့် မန္တလေးမှ တောင်ကြီးသို့ ထွက်ခွာလာသည့် ယာဉ်မှ
အသက် ၂၀ အရွယ်ရှိ ယာဉ်မောင်းအမျိုးသားတို့ဖြစ်ပြီး ၎င်းတို့ကို ကလောပြည်သူ့ဆေးရုံ
သီးသန့်လူနာဆောင်၌ သီးခြား ထားရှိ ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံဒေသအသီးသီးမှ
ရှမ်းပြည်နယ်အတွင်းသို့ ဝင်ရောက်လာသည့် မော်တော်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၊
ယာဉ်ပေါ်ပါသူများကို ကလောမြို့နယ်၊ နန့်ပန်တက်စစ်ဆေးရေးဂိတ်တွင်လည်းကောင်း၊
ရှမ်းပြည်နယ်မှ ထွက်ခွာမည့် ယာဉ်များကို ကလောမြို့အထွက်
စစ်ဆေးရေးဂိတ်တွင်လည်းကောင်း RDT Test Kit ဖြင့် COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးနေခြင်းဖြစ်ကြောင်း သိရသည်။
.