ကမ္ဘောဇတိုင်း
.
တောင်ကြီးမြို့နယ်အနေဖြင့် ရန်ကုန်၊ မန္တလေးကဲ့သို့
အခြေအနေ ဖြစ်ပေါ်လာပါက COVID-19 ရောဂါကို ထိန်းချုပ်ရန် ခက်ခဲနိုင်မည်ဖြစ်ကြောင်း
မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမိုးထွန်းက ပြောဆိုခဲ့သည်။
.
.
“တောင်ကြီးမြို့အနေနဲ့ ရန်ကုန်တို့၊
မန္တလေးတို့လို အခြေအနေ ရောက်မယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ ဘယ်လိုမှကို
ခံနိုင်ရည်ရှိတဲ့ အနေအထား မဟုတ်ပါဘူး။ ရန်ကုန်တို့၊ မန္တလေးတို့မှာကျတော့ ဖြစ်သမျှကို
Quarantine Center ထဲမှာ ထည့်နိုင်မယ်၊ ကုနိုင်မယ် ဆိုတဲ့
အခြေအနေတွေ ရှိတယ်။ ဒါပေမဲ့ တောင်ကြီးမြို့နယ် အနေနဲ့ Quarantine Center ထပ်ချဲ့ဖို့ဆိုတာလည်း တော်တော်လေးကို ကြိုးစားရမှာဖြစ်တယ်။ ပြည်သူလူထုရော၊
ကျွန်တော်တို့ ကျန်းမာရေး ဝန်ထမ်းတွေရော အခက်အခဲတွေ ဖြစ်လာမယ်။ အဲဒီတော့ မနိုင်ဝန်ကို
ထမ်းရမယ့် အခြေအနေအထိ မရောက်အောင် ပြည်သူတွေက စည်းကမ်းလိုက်နာဖို့ လိုပါတယ်” ဟု ဒေါက်တာမိုးထွန်းက
ပြောသည်။
.
လက်ရှိ တောင်ကြီးမြို့နယ်အတွင်း Quarantine
Center ၁၃ ခု ဖွင့်လှစ်ထားပြီး အကယ်၍ လူနာ များပြားလာပါက Center
များ ထပ်မံတိုးချဲ့ဖွင့်လှစ်ရန် အခက်အခဲရှိမည်ဖြစ်ကြောင်း ၎င်းထံက သိရသည်။
.
တောင်ကြီးမြို့နယ်အတွင်း COVID-19 ပထမလှိုင်းကာလ ဧပြီလ ၁၂ ရက်တွင် ပထမဆုံး COVID-19 လူနာ
တွေ့ရှိခဲ့ ပြီးနောက် စက်တင်ဘာလ ၂၂ ရက်အထိ အတည်ပြုလူနာ ၇ ဦးသာ တွေ့ရှိခဲ့သော်လည်း ဒုတိယလှိုင်းကာလတွင်
လက်ရှိအချိန်အထိ အတည်ပြုလူနာ ၁၃၁ ဦး တွေ့ရှိထားပြီးဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးမြို့မှာ ရောဂါကူးစက်မှုအနေဖြင့်
ပြည်ပပြန်များမှ ကူးစက်မှု ၂ ရာခိုင်နှုန်း၊ ရောဂါပိုး တွေ့ရှိသူနှင့် ထိတွေ့ ရာမှ
ကူးစက်သူ ၄၇ ရာခိုင်နှုန်း၊ ပြည်တွင်းပြန်များမှ ကူးစက်မှုနှုန်း ၂၆ ရာခိုင်နှုန်းနှင့်
ယာဉ်မောင်း/ယာဉ်နောက်လိုက် များထံမှ တွေ့ရှိမှု ၂၅ ရာခိုင်နှုန်းရှိပြီး ကူးစက်မှု
အခြေအနေတွင် ခရီးသွားရာဇဝင် ရှိတဲ့သူ ၅၁ ရာခိုင်နှုန်း၊ ရောဂါပိုး ရှိသူနှင့်
ထိတွေ့ခဲ့သူက ၄၄ ရာခိုင်နှုန်းနှင့် ခရီးသွားရာဇဝင်၊ ရောဂါပိုး ရှိသူနှင့်
ထိတွေ့ခဲ့တဲ့ရာဇဝင် မရှိသူ ၅ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
.
မြို့နယ်အတွင်း ရောဂါကူးစက်မှု အနေဖြင့်
မင်္ဂလာဦးရပ်ကွက်တွင် ၄၁ ရာခိုင်နှုန်း၊ အေးသာယာတွင် ၃၉ ရာခိုင်နှုန်း၊
ကျောင်းကြီးစုတွင် ၁၂ ရာခိုင်နှုန်း၊ ဘုရားဖြူ ၈ ရာခိုင်နှုန်းနှင့် ကျန်ရပ်ကွက်များတွင်
ရာခိုင်နှုန်းအနည်းငယ်စီ ရှိနေ သည် ဟု သိရသည်။
.
ပြည်တွင်းပြန်/ပြည်ပပြန်များကို Quarantine
ထားရှိပြီး ရောဂါ စစ်ဆေးပေးရာတွင် လူပေါင်း ၉၀၀၀ ကျော်ကို
စစ်ဆေးပေးနိုင်ခဲ့ပြီး ယင်းအနက် ၁၀၀ ကျော်တွင် COVID-19
ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.