အားချာ
.
မိုင်းယောင်းမြို့နယ်ရှိ Quarantine Center ၌ စောင့်ကြပ်ကြည့်ရှုထားရှိသည့် လူဦးရေ ၁၁၀ ဦးကို ဒီဇင်ဘာလ ၅ ရက်က (RDT) Test Kit ဖြင့် စစ်ဆေးရာ COVID-19 ရောဂါပိုး ကူးစက်ခံရသူ ၂ ဦး ထပ်မံ တွေ့ရှိခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
.
အဆိုပါ COVID-19 ရောဂါပိုး ကူးစက်ခံရသူ ၂ ဦးမှာ တာချီလိတ်မြို့မှ ပြန်လာသူများ ဖြစ်ကြပြီး၊ ဝမ်ဖြတ်ကျေးရွာ Facility Quarantine Center နှင့် ဝမ်တောင်းကျေးရွာ Facility Quarantine Center တို့၌ စောင့်ကြပ်ကြည့်ရှုထားရှိသူများ ဖြစ်သည်။
.
မိုင်းယောင်းမြို့နယ်တွင် ဒီဇင်ဘာ ၄ ရက်က COVID-19 ရောဂါပိုး ကူးစက်ခံရသူ အမျိုးသမီး ၃ ဦး စစ်ဆေး တွေ့ရှိထားကာ ဒီဇင်ဘာ ၅ ရက်က ၂ ဦး ထပ်မံ စစ်ဆေးတွေ့ရှိရသဖြင့် လက်ရှိတွင် ၅ ဦး ရှိနေပြီ ဖြစ်ပြီး လူနာများသည် လက်ရှိအချိန်တွင် ကျန်းမာရေးကောင်းမွန်ကြောင်းနှင့် မြို့နယ်ဝန်ထမ်းအိမ်ရာ လေးထပ်တိုက်၌ ပို့ဆောင်ဆေးကုသမှု ခံယူနေလျက်ရှိကြောင်း သိရသည်။
.
မိုင်းယောင်းမြို့နယ်၌ COVID-19 ရောဂါအတည်ပြုလူနာ တွေ့ရှိလာသဖြင့် ပြည်သူများအနေဖြင့် တတ်နိုင်သမျှ မိမိတို့၏ နေအိမ်၌သာ နေထိုင်ကြရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက နှာခေါင်းစည်း(Mask)ကို တပ်ဆင်ကြရန်နှင့် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကာကွယ်တားဆီးနိုင်ရေးအတွက် ကျန်းမာရေး၊ ထွေ/အုပ်၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကြက်ခြေနီနှင့် လူမှုရေးအသင်းအဖွဲ့များက အလေးထား ဆောင်ရွက်လျက် ရှိသဖြင့် ပြည်သူများ အနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ရန် အထူးလိုအပ်ကြောင်း မြို့နယ် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီက မေတ္တာရပ်ခံထားသည်။