COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၁၄၁၈ ဦး ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (ဒီဇင်ဘာလ ၃ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
ထို့အတူ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)မှ PCR စက်ဖြင့် စစ်ဆေးခဲ့သည့် ဓါတ်ခွဲနမူနာ ၇၄၂ ခုအနက် ၈ ဦးတွင် COVID-19 ပိုးတွေ့ရှိကြောင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)က ထုတ်ပြန်ခဲ့သည်။
.
အဆိုပါ လူနာများမှာ တောင်ကြီးမြို့နယ်မှ ၂ ဦး၊ ပင်းတယမြို့နယ်မှ ၂ ဦး၊ လဲချားမြို့နယ်မှ ၂ ဦး၊ မိုးနဲမြို့နယ်မှ ၁ ဦး၊ ဖယ်ခုံမြို့နယ်မှ ၁ ဦးတို့ ဖြစ်ကြောင်း သိရသည်။
.
" PCR စက်ကြီးနဲ့ စစ်တာမှာ ရှမ်းတောင်က ၈ ဦးတွေ့တယ်။ ပင်းတယက ၂ ယောက် (ရန်ကုန်ပြန်)၊ လဲချား ၂ ယောက် (ရန်ကုန်ပြန်)၊ မိုးနဲ ၁ ယောက်၊ ဖယ်ခုံ ၁ ယောက် ရဲတပ်ဖွဲ့ကပါ။ တောင်ကြီးမြို့နယ်၊ အေးသာယာက ၂ ယောက် (ရန်ကုန်ပြန်)ပါ။ အကုန်လုံးက Quarantine ဝင်နေတဲ့သူတွေပါ။" ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာ ဇဝနကိုက ပြောသည်။
.
ထို့အပြင် ယနေ့တွင် RDT ဖြင့် စစ်ဆေးစဥ် ကလောမြို့နယ်၊ နန့်ပန်တက်၌ ယာဥ်မောင်း ၂ ဦးထံတွင်လည်း ပိုး တွေ့ခဲ့ကြောင်းလည်း သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (ဒီဇင်ဘာလ ၃ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၉၅၀၁၈ ဦး ရှိကာ၊ ယင်းအနက် ၂၀၂၈ ဦး သေဆုံး၍ ၇၃၇၄၈ ဦးမှာ ပြန်လည် သက်သာ၍ ဆေးရုံမှဆင်းခွင့် ရရှိပြီ ဖြစ်ကြောင်း သိရသည်။