မင်းဇော်မင်း
.
တာချီလိတ်မြို့တွင် COVID-19 ရောဂါ ပိုးတွေ့လူနာများ ဆက်တိုက် တွေ့ရှိလာနေရသည့်အပြင် တာချီလိတ်မှ ထိုင်းနှင့်
လာအိုနိုင်ငံများသို့ တရားမဝင် နယ်စပ်မှ ခိုးဝင်သူများကြောင့် အဆိုပါနိုင်ငံများ၌ ပိုးတွေ့လူနာများ
တွေ့ရှိလာ နေရသည့်အတွက် Mobile Swab Test အဖွဲ့များဖြင့် COVID-19
ရောဂါ စစ်ဆေးမှုကို အရှိန်တိုးမြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.
.နိုဝင်ဘာလ ၂၂ ရက်မှ ဒီဇင်ဘာလ ၄ ရက်အထိ တာချီလိတ်မြို့တွင်
COVID-19 ရောဂါ ပိုးတွေ့လူနာ စုစုပေါင်း ၆၆ ဦး တွေ့ရှိထားပြီး
၎င်း တို့နှင့် ဆက်စပ်သည့် Closed Contact စုစုပေါင်း ၄၀၀ ကျော်ခန့်
Quarantine ဝင်ရောက်နေခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် ယင်း လူနာများနှင့် ဆက်စပ်မှုအရ ကျိုင်းတုံမြို့တွင်လည်း
ပိုးတွေ့လူနာ ၂ ဦးနှင့် Closed Contact စုစုပေါင်း ၂၅၀ ကျော်
ရှိနေသည်ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး
ဒေါက်တာဘစိုးသက် ထံက သိရသည်။
.
“Contact နောက်က Contact
နဲ့ လိုက်ရတာ မလွယ်ဘူး။ ဒီနေ့ ဆိုရင် ၆ ယောက်ရဲ့ Contact ကိုပဲ လိုက်ဖို့ လုံးပမ်းနေ ရတယ်။ ပုံမှန်ကတော့ ဆေးရုံဟောင်းမှာ မနက်ပိုင်း
စစ်ပေးနေသလို ဝမ်ကျောက်လုံးလို Lock Down နေရာတွေကို Mobile
Swab Test သွားလုပ်ရတာတွေ ရှိတယ်။ အရမ်းလည်း မစိုးရိမ်ဖို့
လိုသလို ပုန်းရှောင်မနေဘဲ လာရောက် စစ်ဆေးခြင်းဖြင့် ကူညီကြဖို့ ပန်ကြားလိုပါတယ်” ဟု
ဒေါက်တာဘစိုးသက်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တာချီလိတ်မြို့ရှိ 1G1-7
Hotel နှင့် ပတ်သက်၍ ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသမီး
၁၀ ဦးတွင် ရောဂါပိုး တွေ့ရှိမှုကြောင့် ထိုင်းနိုင်ငံတွင် လူပေါင်း ၇၀၀ နီးပါး Quarantine
ဝင်နေရပြီး စားသောက်ဆိုင် ၂၀၀ ကျော် ပိတ်ထား ရကြောင်း ထိုင်းသတင်းများတွင်
ဖော်ပြပါရှိသည်။
.
လာအိုသတင်းတစ်ခုတွင်မူ တာချီလိတ်မှ
တရားမဝင်ဖြတ်သန်းဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၂ ဦးတွင် ရောဂါပိုးတွေ့ရှိပြီးနောက်
လာအိုနယ်စပ်၊ ဘော်ကျောက်ခရိုင်၊ တွန်ဖိန်းမြို့နယ်ကို ယနေ့ ဒီဇင်ဘာ ၄ ရက်မှ စတင်၍
အာဏာပိုင်များက Lock Down ချလိုက်ကြောင်း ဖော်ပြထားသည်။
.
ထို့အပြင် တာချီလိတ်မှ COVID-19 အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများအနက် မိုင်းဖုန်းဆရာတော် တရား အားထုတ်နေသည့်
မိုင်းဆတ်ခရိုင်၊ မိုင်းကျတ်ဂူသို့ သွားရောက်ခဲ့သူ ၂ ဦးတွင် ရောဂါပိုး တွေ့ရှိခဲ့သဖြင့်
ယင်းဂူ သို့ သွားရောက်ခဲ့သည့် တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းတုံ၊ ကျိုင်းတုံ၊ နမ့်စန်
စသည့်မြို့နယ်များမှ လူအချို့ သက်ဆိုင်ရာ မြို့နယ်များတွင် Quarantine ဝင်ရောက်နေလျက်ရှိကြောင်း သိရသည်။
.