စိုင်းအောင်ဇော်လင်း
.
တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့၊ အမှတ် (၉)
ရပ်ကွက်တွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ဒီဇင်ဘာလ
၁၀ ရက်၊ နံနက်ပိုင်းက Fever Clinic ကိုယ်ပူဖျားနာ ဆေးကုခန်း
ဖွင့်လှစ်ခဲ့ကြောင်း မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
.
.အဆိုပါ Fever Clinic ကိုယ်ပူဖျားနာဆေးကုခန်းကို
နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ နေ့စဉ် ဖွင့်လှစ်ထားရှိမည် ဖြစ်ပြီး ဖျားနာ၊
ချောင်းဆိုး၊ လည်ချောင်းနာ၊ အသက်ရှူကြပ်၊ အနံ့မရ၊ နှာစေး၊ အရသာခံစား မရသူ မည်သူမဆို
လာရောက်ပြသကာ ကျန်းမာရေးစစ်ဆေးမှု ခံယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
.
“လက်ရှိမှာ ဒေသကူးစက်မှု ဖြစ်သွားပါပြီ။
ရောဂါဖြစ်ပွားရာ မြို့နယ်က ပြန်လာသူရဲ့ မိသားစုတွေ ရောဂါထပ်ကူးနေ ပါတယ်။
ခရီးသွားရာဇဝင်လည်း မရှိပါဘူး။ မြို့နယ်အတွင်း ဒီရောဂါကို
ထိန်းချုပ်နိုင်ဖို့ဆိုရင် အဓိကဖြစ်တဲ့ မလိုအပ်ဘဲ အိမ်အပြင် မထွက်ကြပါနဲ့။
မဖြစ်မနေ ထွက်ရပါက Mask တပ်ပါ။ အိမ်ပြန်ရောက်တဲ့အခါ Mask
ကို စနစ်တကျ ပြန်လည်စွန့်ပစ်ပါ။ လက်ဆေးပါ။ လူစုလူဝေးရှောင်ပါ။ ဒီကာလမှာ
အတည်ပြုလူနာနဲ့ ထိတွေ့မှု ရှိတဲ့သူပဲဖြစ်ဖြစ်၊ မရှိတဲ့သူပဲဖြစ်ဖြစ် ဖျားတယ်၊
ချောင်းဆိုးတယ်၊ လည်ချောင်းနာတယ်၊ အသက်ရှူကြပ်တယ်၊ အနံ့မရ လက္ခဏာတွေ ရှိရင် Fever
Clinic မှာ လာရောက်စမ်းသပ်နိုင်ပါတယ်” ဟု မိုင်းယောင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး
ဒေါက်တာမင်းသိန်းက ပြောသည်။
.
မိုင်းယောင်းမြို့နယ်တွင် ဒီဇင်ဘာ ၉ ရက်အထိ
ရောဂါဖြစ်ပွားရာမြို့နယ်မှ ပြန်လာသူ ၅ ဦးနှင့် ဒေသတွင်း ကူးစက်သူ ၃ ဦး စုစုပေါင်း COVID-19
အတည်ပြုလူနာ ၈ ဦးရှိကြောင်း သိရသည်။
.
မိုင်းယောင်းမြို့နယ်တွင် ပြည်ပနိုင်ငံများမှ
ပြန်လည်ဝင်ရောက်လာသူများ၊ ပြည်တွင်း Stay At Home အစီအစဉ်တွင်
အကျုံးဝင်သော မြို့နယ်များနှင့် ရောဂါဖြစ်ပွားရာ မြို့နယ်များမှ
ပြန်လည်ဝင်ရောက်လာသူများကို မြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသည့် Community
Based Facility Quarantine Center များတွင် အသွားအလာကန့်သတ် စောင့်ကြည့်
လျက်ရှိကြောင်း သိရသည်။
.