အောင်ဆန်းဝင်း
.
တောင်ကြီးမြို့ အထွက် ၂ မိုင်၊ ထင်းရှူးတောအတွင်း
ဆောင်ရွက်နေသော ပန်းချယ်ရီအိမ်ရာစီမံကိန်းက ထင်းရှူးပင်အများအပြား ခုတ်ထွင်ပြီး စီမံကိန်း
လုပ်ဆောင်နေခြင်းအပေါ် တောင်ကြီးမြို့ခံ အရပ်ဘက်လူမှု အဖွဲ့အစည်းများက ကန့်ကွက်စာ ပေးပို့ထားသည်ဟု
သိရသည်။
.
.တောင်ကြီးမြို့ပေါ်တွင် တစ်နှစ်ထက်တစ်နှစ် ရာသီဥတု
ပြောင်းလဲဖောက်ပြန်လာပြီး ရေရှားပါးလာသည့် အတွက် ယင်းကဲ့သို့ ကန့်ကွက်စာ ပေးပို့ရခြင်းဖြစ်သည်ဟု
သိရသည်။
.
အဆိုပါ ကန့်ကွက်စာကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ နိုင်ငံတော်သမ္မတ ဟောင်း
ဦးသိန်းစိန်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်တို့ထံသို့ စုပေါင်းလက်မှတ်ရေးထိုး၍
ဒီဇင်ဘာလ ၁၀ ရက်တွင် တင်ပြထားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
.
“အိမ်ရာစီမံကိန်းတွေကို ပီပီပြင်ပြင် ဖော်ဆောင်တဲ့သူတွေကို
ကျွန်တော်တို့က ကြိုဆိုပါတယ်။ ဒါပေမဲ့ အဲဒီလို လုပ်တိုင်းမှာ သစ်တောကို မထိခိုက်ဖို့
လိုအပ်ပါတယ်။ ၁၉၇၀-၁၉၈၀ လောက်က တောင်ကြီးမှာ ရေထွက်တွေ အများကြီး ရှိပါတယ်။ အခုချိန်မှာတော့
အဲဒီရေထွက်တွေ တော်တော်များများက ရေလုံးဝ ခန်းသွားတာတွေ ရှိပါတယ်” ဟု ကန့်ကွက်စာ လက်မှတ်ရေးထိုး
တင်ပြထားသူ ဦးတင်ထွန်းအောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ပန်းချယ်ရီ အိမ်ရာစီမံကိန်းကို ယခင်အစိုးရလက်ထက်က
စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စီမံကိန်းအတွင်း ထင်းရှူးပင် ၅၀၀၀ ကျော်
ခုတ်ယူခဲ့ပြီးဖြစ်သည်ဟု ၎င်း၏ ပြောဆိုမှုအရ သိရသည်။
.
အလားတူ ယင်းစီမံကိန်းနှင့် ပတ်သက်၍ အဆိုပါနေရာသည်
မြို့နေလူထု၏ ရေအရင်းအမြစ်နေရာ ဖြစ်သည့်အတွက် ဝိုင်းဝန်း ထိန်းသိမ်းပြီး
သဘာဝတောတောင်၊ သဲတောင်၊ ကျောက်တောင်များကို ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ကြရန်
တောင်ကြီးမြို့တွင် သီတင်းသုံးနေထိုင်တော် မူကြကုန်သော နိုင်ငံတော်ဩဝါဒစရိယ
ဆရာတော်ကြီးများ၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၊
ပြည်နယ်/မြို့နယ်အဆင့် ဆရာတော်ကြီးများက ၂၀၁၈ ခုနှစ်၊ ဇွန်လ ၇ ရက်တွင်
ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ မေတ္တာရပ်ခံစာ ပေးပို့ထားဖူးသည်ဟု
သိရသည်။
.
အဆိုပါ ပန်းချယ်ရီ အိမ်ရာ စီမံကိန်း မြေနေရာတွင်
တောင်ကြီးမြို့၏ ရေဝေရေလဲ ကောင်းမွန်ရေးနှင့် ကာဗွန်ဒိုင်အောက်ဆိုက်
လျှော့ချရေးအတွက် ရည်ရွယ်၍ ထင်းရှူးပင်များအား လွန်ခဲ့သည့် နှစ် ၃၀ ကျော်ကတည်း က
စိုက်ပျိုးထားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
.
ယင်းကဲ့သို့ ကန့်ကွက်စာ ပေးပို့ထားမှုနှင့် ပတ်သက်၍
အရပ်ဘက်လူမှုအဖွဲ့အစည်းဝင်များက ယနေ့ ဒီဇင်ဘာလ ၂၃ ရက်တွင် တောင်ကြီးမြို့၊ စူဠာမုနိစေတီတော်
ဓမ္မာရုံ၌ သတင်းမီဒီယာများအား တွေ့ဆုံရှင်းလင်းခဲ့သည်ဟု သိရသည်။
.