အောင်ဆန်းဝင်း
.
နယ်ချဲ့တော်လှန်ရေး ခေါင်းဆောင်တစ်ဦးဖြစ်သူ ဝန်းသိုစော်ဘွားကြီး
ဦးအောင်မြတ်၏ ဂူဗိမာန်အား တောင်ကြီးမြို့၊ ချမ်းသာရပ်ကွက်တွင် ပြန်လည်ပြုပြင် ထိန်းသိမ်းထားကြောင်း
သိရသည်။
.
.အဆိုပါစော်ဘွားကြီး ဦးအောင်မြတ်၏ ဂူဗိမာန်မှာ
တောင်ကြီးမြို့၊ ချမ်းသာရပ်ကွက်၊ နယ်မြေ (၉)၊ အောင်မြတ်လမ်း အတွင်း တည်ရှိပြီး လူနေအိမ်များကြားတွင်
ရောက်ရှိနေသည့်အတွက် စနစ်တကျပြုပြင် ထိန်းသိမ်းမှုများ ပြုလုပ်ရန်လိုအပ်နေကြောင်း သိရသည်။
.
“လူနေအိမ်တွေကြား ရောက်နေတော့ ရုတ်တရက်ဆို
စော်ဘွားကြီးရဲ့ ဂူဗိမာန်က ပျောက်သလိုဖြစ်နေတာပေါ့။ အခုနောက်ပိုင်းလူငယ်တွေ
အတော်များများလည်း ဒီဂူဗိမာန်ရှိနေတာ သိပ်မသိကြတော့ဘူး။ အများပြည်သူ
လာရောက်လေ့လာလို့ရတဲ့ နေရာလေးဖြစ်အောင် လုပ်နိုင်ရင်တော့ ပိုကောင်းမယ်လို့
ထင်ပါတယ်” ဟု တောင်ကြီးမြို့၊ ချမ်းသာရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက
ကမ္ဘောဇတိုင်းသို့ပြောသည်။
.
ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်သည်
နယ်ချဲ့တို့အားတော်လှန် တိုက်ခိုက်ရာတွင် ကောလင်းတိုက်ပွဲ၊ ကျောက်ကြမ်းတိုက်ပွဲ၊
ကျိုင်းခွင်တောင် တိုက်ပွဲများ၌ နယ်ချဲ့တို့ အကျအဆုံးများသဖြင့် ထင်ရှားကျော်ကြားခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
.
ထို့နောက် လူသူလက်နက်အင်အား မမျှသဖြင့်
နယ်စပ်မြို့များတွင် ၃၁ နှစ်ကြာသွားရောက် ခိုလှုံခဲ့ပြီး ကြင်ယာတော်
စဝ်နန်းရွှေချီ၏ ဦးလေးတော်စပ်သူ ညောင်ရွှေစော်ဘွားကြီး ဆာစောမောင်၏
ဖိတ်ခေါ်မှုကြောင့် တောင်ကြီးမြို့၊ ဟော်ကုန်းရပ်ရှိ သထုံဟော်တွင် ပြန်လည်နေထိုင်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်သည်
ကွယ်လွန်ချိန်တွင် အသက် ၁၀၃ နှစ်ရှိပြီဖြစ်ကာ ၁၉၆၅ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်က ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး
ထိုစဉ်က နိုင်ငံတော်ဈာပန အခမ်းအနားဖြင့် သင်္ဂြိုဟ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.