စုလှိုင်
.
တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာအုပ်စု၊
နန့်ပန်တက်ကျေးရွာတွင် ကျန်းမာရေး ဆေးစစ်ချက် လက်မှတ် အထောက်အထား မပါရှိသူများအား လုံခြုံရေးတာဝန်ကျ
ဝန်ထမ်းများနှင့် ဒေသခံအချို့ ပူးပေါင်း၍ တရားမဝင် လူခိုးသွင်းမှုများ ရှိနေသည်ဟု သိရသည်။
.
.
“ငွေကြေးယူပြီး လူခိုးသွင်းတာတွေ ရှိနေပါတယ်။ တချို့ကားတွေဆိုရင်
ခွင့်ပြုချက် မပါဘဲနဲ့ ပိုက်ဆံပေးရင် သွားလို့ရ တယ်။ ရဲတွေ၊ လူကြီးတွေ၊ တိုက်နယ် ဥက္ကဋ္ဌ
(အုပ်ချုပ်ရေးမှူး) တွေက ရွာသားတွေကိုခိုင်းပြီး ရတဲ့ပိုက်ဆံကို ခွဲယူကြ တာပေါ့။ ကျွန်တော်တို့
ခဏခဏ တိုင်ခဲ့ပေမဲ့ အရေးမယူပါဘူး။ ဆိုင်ကယ်ဆိုရင် တစ်သောင်း တောင်းတယ်။ ကား ဆိုရင်
ဆေးစစ်ချက် မပါဘူး။ လိုင်စင် မပါဘူးဆိုရင် ၃ သိန်းကနေ ၅ သိန်းအထိ တောင်းတယ်။ ည ၁၂ နာရီကျော်ရင်
ဂိတ်တာဝန်ကျတဲ့သူတွေက အိပ်တော့ အဲဒီအချိန်မှာ ပိုက်ဆံယူပြီးလွှတ်ပေးတာပါ” ဟု နန့်ပန်တက်ကျေးရွာ
ဒေသခံတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ အခကြေးငွေဖြင့် လူမှောင်ခိုတင်သွင်းမှုများကို
သိရှိနိုင်ရန်အတွက် ဒေသခံများက သွားရောက် စောင့်ဆိုင်းကြည့်ရှုရာတွင်လည်း တာဝန်ရှိသူများက
၎င်းတို့အား မသင်္ကာမှုဖြင့် စစ်ဆေးမှုများ ပြုလုပ်ခြင်း ခံခဲ့ရသည်ဟု ၎င်းထံက သိရသည်။
.
ထို့အပြင် တိုင်ကြားမှု မရှိစေရန်အတွက် ကျေးရွာသားများအား
အကြောက်တရားဖြင့် ခြိမ်းခြောက်ထားပြီး တိုင်ကြား ပါက အတိုင်ခံသူအပြင် တိုင်ကြားသူပါ
ရုံးတွင် သွားရောက်ဖြေရှင်းရမည်ဟု ပြောကြားထားသည့်အတွက် တိုင်ကြားသူ မရှိကြခြင်းဖြစ်ကြောင်း
သိရသည်။
.
အဆိုပါအခြေအနေများနှင့် ပတ်သက်၍ ကမ္ဘောဇတိုင်းမှ
မြေပြင်သတင်း အတည်ပြုစုံစမ်းရာတွင် နန့်ပန်တက် စစ်ဆေးရေးဂိတ် အလွန်၌ ဒေသခံအချို့က စစ်ဆေးရေးဂိတ်
ကွင်းလမ်းမှ သွားရောက်ရန်အတွက် လမ်းပြ ခအဖြစ် ငွေကျပ် ၁၅၀၀၀ တောင်းခံခဲ့သည်ကို တွေ့ရှိရသည်။
.
ထို့အတူ နန့်ပန်တက်စစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေသော
စေတနာ့ဝန်ထမ်း တစ်ဦးအား သွားရောက် တွေ့ဆုံမေးမြန်းရာတွင် “နမ့်ပန်တက်ဂိတ်နဲ့ ပတ်သက်လို့
ထွက်နေတဲ့ သတင်းတွေက အကုန်လုံး မဟုတ်ပေမဲ့ တော်တော်များများတော့ မှန်နေတာ တွေ့ရတယ်။
နောက်ကျောကနေ လူမှောင်ခိုသွင်းတာတို့၊ ရှေ့ကနေ သူ့လူ၊ ကိုယ့်လူဆိုပြီး ဆွဲထုတ်သွား
တာတို့ ရှိပါတယ်။ ခရီးသွား တွေက ကားနဲ့သွားလို့မရတော့ ဆိုင်ကယ်နဲ့ သွားကြတယ်။ ကျွန်တော်တို့က
အပင်ပန်းခံပြီး စစ်ဆေးတဲ့အခါမှာ ဆိုင်ကယ်တွေ ဝင်တာတော့ မတွေ့ရဘူး။ ဒါပေမဲ့ ကျွန်တော်တို့
လည်း ၂၄ နာရီ တာဝန်မထမ်းဆောင် နိုင်ဘူး။ အဲဒီအချိန်မှာ သူတို့တွေက လူတွေ ကယ်ရီပို့နေတာ
အမှန်ပဲ။ ကျွန်တော်တို့အနေနဲ့ တတ်နိုင်သမျှတော့ ကာကွယ်ပေးတယ်၊ ဖမ်းပေးတယ်။ ဒါပေမဲ့
တိကျတဲ့ အရေးယူမှုမရှိဘူး။ တိကျတဲ့ ဥပဒေလည်း မရှိဘူး။ နိုင်ငံတော် ဘတ်ဂျက်တွေ၊ ပြည်သူလူထု
လှူဒါန်းငွေတွေနဲ့ အားလုံးက အပင်ပန်းခံပြီး လုပ်နေတယ်။ ဒါပေမဲ့ အကျိုးမရှိဘူးလို့ ပြောလို့ရတယ်”
ဟု ပြောဆိုခဲ့သည်။
.
အချို့ယာဉ်မောင်းများမှာ ဆေးစစ်ချက် ရက်ကျော်နေသည့်အတွက်
နောက်ကြောင်း ပြန်လွှတ်ရာတွင် ယာဉ်ကြော ပိတ်ဆို့မှု မဖြစ်စေရန်အတွက် ရွာတွင်းသို့ ကျော်၍
ပြန်လွှတ်ရာ၌ ဒေသခံ ကျေးရွာသားများက ဈေးရောင်းချကြခြင်း၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များမှ
ရွာအတွင်းဝင်၍ ဈေးသုံးခြင်း၊ အစားအသောက် ဝယ်ယူစားသောက်ခြင်းများ ရှိနေသည်ဟု ၎င်းထံက
သိရသည်။
.
“ပရဟတိသမားဆိုတာ လူနည်းစုပါ။ လူစားလဲဖို့လည်း မရှိဘူး။
နေ့တိုင်း ဒီလူတွေပဲ လုပ်နေရတော့ ရေရှည်မှာ ပင်ပန်း လာတယ်။ စိတ်ဓါတ်ကျလာတယ်။ မလုပ်နိုင်တော့ဘူးပေါ့။
နောက်ပြီး တိကျတဲ့ အရေးယူဆောင်ရွက်ဖို့ ညွှန်ကြားချက်လည်း ထွက်ဖို့လိုတယ်။ ရှမ်းပြည်နယ်ကို
ဒီ နန့်ပန်တက်ဂိတ်ကနေ ကာထားတာပါ။ ဒီဂိတ်က ပွင့်နေရင်တော့ ပိုးက တိုးလာဖို့ပဲ ရှိမှာပါ”
ဟု အဆိုပါ စေတနာ့ဝန်ထမ်းက ဆက်လက်ပြောဆိုခဲ့သည်။
.
ကလောဒေသခံ တစ်ဦးကလည်း “တကယ်လုပ်နေရတဲ့ စေတနာ့ဝန်ထမ်းတွေကို
တော့ အားနာပါတယ်။ ဒါပေမဲ့ ဒီလို မသမာမှုတွေနဲ့ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး
မပုပ်စေချင်ပါဘူး” ဟု ၎င်း၏ အမြင်ကို ပြောဆိုခဲ့သည်။
.
နန့်ပန်တက်ကျေးရွာ ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို ပြီးခဲ့သည့်
အောက်တိုဘာလ ၃ ရက်က စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ ဒေသအသီးသီးမှ ရှမ်းပြည်နယ်အတွင်းသို့
ဝင်ရောက်လာသည့် မော်တော်ယာဉ်များမှ ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်များ၊ ယာဉ်ပေါ်
ပါသူများအား RDT Test Kit ဖြင့် COVID-19 ရောဂါပိုး ရှိ/မရှိ စိစစ်၍ ပြည်နယ် အတွင်းသို့ စေလွှတ်ပေးနေခြင်းဖြစ်ကြောင်း
သိရသည်။
.
No comments:
Post a Comment