စုလှိုင်
.
COVID-19 ကပ်ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း လုပ်ငန်းများ
ဆောင်ရွက်ရာ၌ အချိန်ကြန့်ကြာမှုမရှိဘဲ လုပ်ဆောင် ပေးရန်လိုကြောင်း ရှမ်းပြည်နယ်တရားလွှတ်တော်
တရားသူကြီးချုပ် ဦးကြွယ်ကြွယ်က ပြောကြားခဲ့သည်ဟု သိရသည်။
.
.ရှမ်းပြည်နယ်တရားလွှတ်တော် ပြည်နယ်တရားသူကြီးချုပ်နှင့်
ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ် တရားရေးဦးစီးမှူး၊ ပြည်နယ်အတွင်းရှိ တရားသူကြီးများ၊
တရားရေးအရာရှိများ အစည်းအဝေးကို ဒီဇင်ဘာလ ၅ ရက်က ရှမ်းပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမတွင်
ပြုလုပ်စဉ် ပြည်နယ်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်က ယင်းကဲ့သို့ မှာကြားခဲ့ခြင်း ဖြစ်သည်ဟု
သိရသည်။
.
“အဓိက ကတော့ COVID-19 ကြောင့်
ရပ်နားမှာစိုးလို့ပါ။ လုပ်ငန်းတွေကို အရင်အတိုင်း လုပ်ဆောင်နေဆဲပါ။ ကျွန်တော်တို့
ဌာနတွေက ရပ်နားလို့ရတဲ့ ဌာနမျိုးမဟုတ်ဘူး။ အဲဒါကြောင့် COVID-19 အန္တရာယ်လည်း ကင်းအောင်၊ ဥပဒေနဲ့အညီ လုပ်ငန်းတွေလည်း လည်ပတ်နိုင်အောင် ညွန်ကြားတာပါ”
ဟု ရှမ်းပြည်နယ်တရားလွတ်တော် တရားပြန်ကြားရေး ဦးမြအောင်က ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်
ဦးကြွယ်ကြွယ်က လမ်းညွှန်အမှာစကားပြောကြားပြီးနောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီး
(၁) ဒေါ်စန္ဒာအောင်က တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး
(၂) ဦးအောင်သိန်းက ဦးတိုက်လျှောက်ထားမှုများတွင် ကျင့်ထုံးဥပဒေပုဒ်မ- ၂၀၂ အရ
ကြန့်ကြာမှုများနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့သည်ဟု သိရသည်။
.
ထို့နောက် ရှမ်းပြည်နယ်တရားရေးဦးစီးမှူး
ဒေါ်ခင်စိုးယုက COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း
တရားရုံးများအနေဖြင့် လိုက်နာဆောင်ရွက်ရန်ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးပြီး
ဒုတိယညွှန်ကြားရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး တို့မှ ရာဇဝတ်အာဏာတိုး လျှောက်ထားရာတွင်
တွေ့ရှိရသည့် လိုအပ်ချက်များ၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှု၊ ပြစ်ဒဏ်များနှင့်
သက်သေခံပစ္စည်းများ စီမံခန့်ခွဲခြင်း ညွှန်ကြားချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့သည်ဟု
သိရသည်။
.
အဆိုပါအစည်းအဝေးသို့ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်
ပြည်နယ်တရားသူကြီးများ၊ ပြည်နယ် တရားရေးဦးစီးမှူးနှင့် တရားရေးအရာရှိများ၊
တောင်ကြီးခရိုင်တရားရုံးနှင့် မြို့နယ်တရားရုံးမှ တရားရေးအရာရှိများ စုစုပေါင်း ၁၉
ဦး တက်ရောက်ခဲ့ပြီး ရှမ်းပြည်နယ်အတွင်းရှိ
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ တရားရုံးများမှ
တရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားရုံးများမှ တရားသူကြီးများမှ Zoom
Meeting ဖြင့် တက်ရောက်ခဲ့သည်ဟု သိရသည်။
.
No comments:
Post a Comment