ဆီဆိုင်မြို့၊ အောင်ချမ်းသာရပ်ကွက်၌ ဒီဇင်ဘာလ ၁၁ ရက်၊ ညနေ ၃ နာရီခွဲခန့်တွင် ဆီဆိုင်မြို့မရဲစခန်းမှ တပ်ဖွဲ့၀င်များက စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
ဆီဆိုင်မြို့မရဲစခန်းမှ တပ်ဖွဲ့၀င်များသည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ ဆီဆိုင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်နေ ဒေါ်ရင်သူ၏ နေအိမ်စျေးဆိုင်အား ဝင်ရောက် ရှာဖွေရာ နေအိမ်အောက် မြေကြီးအတွင်းမှ ပလတ်စတစ်ကပ်ခွာ အိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀ ပြား (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၆၀ သိန်း) အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ ကွင်းဆက်ပေါ်ပေါက်ချက်အရ အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများအား ရောင်းချသူ တစ်ရပ်ကွက်တည်းနေ ဒေါ်နန်းမီးမှာ ဒေါ်ရင်သူ၏ နေအိမ်သို့ ရောက်ရှိလာသဖြင့် ဆက်လက်ရှာဖွေရာ ၎င်း ယူဆောင်လာသော ဆွဲခြင်း အတွင်းမှ ပလတ်စတစ် ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ် ဆေးပြား ၄၀၀၀ ပြား (ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၄၀ သိန်း)အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းလည်း သိရသည်။
.
အဆိုပါ စိတ်ကြွ ရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူများအား ဆီဆိုင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။