.
တောင်ကြီးမြို့၌ ဒီဇင်ဘာလ ၁၈ ရက်တွင် ရဲတပ်ဖွဲ့ဝင် တစ်ဦး မောင်းနှင်လာသည့်ယာဥ်က အရပ်သား လူငယ် တစ်ဦးအား ပွတ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ နယ်မြေ ၂ အတွင်း၌ ဒီဇင်ဘာလ ၁၈ ရက်၊ နေ့လယ်ပိုင်းတွင် ရဲတပ်ဖွဲ့ဝင် တစ်ဦး မောင်းနှင်လာသည့် မော်တော်ယာဥ်မှ အရပ်သား လူငယ်အား ဝင်တိုက်မိခြင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
" ရဲက အရက် မူးပြီး ကားနဲ့ အဲနယ်မြေက လူငယ် တစ်ယောက်ကို ပွတ်တိုက်ပြီး ပြဿနာ ရှာ၊ လက်ထိပ် ခတ်လို့ ရပ်ကွက်က လူတွေ မကျေနပ်လို့ စခန်းမှူးကို သွားတိုင်ကြတယ်။" ဟု ဒေသခံ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ဆက်သွယ် သတင်းပေးခဲ့သည်။
.
အဆိုပါ ဖြစ်စဥ်နှင့် ပတ်သက်၍ ကံသာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်အား ဆက်သွယ်မေးမြန်းရာတွင် " မနေ့က နေ့လယ် ၂ နာရီလောက်က ဖြစ်သွားတာပါ။ အမှု ဖွင့်ထားခြင်း မရှိပါဘူး။" ဟု ပြောသည်။
.
ထို့အပြင် တောင်ကြီးမြို့မရဲစခန်းသို့ ဖြစ်စဥ်နှင့် ပတ်သက်၍ ဆက်သွယ် မေးမြန်းရာတွင် နယ်ထိန်းကိုသာ ဆက်သွယ်ရန် တာဝန်ကျ ရဲအရာရှိက ပြောဆိုခဲ့သည်။
.
.
ထို့အတူ ကမ္ဘောဇတိုင်းမှ မြေပြင်သတင်း စုံစမ်းရာတွင် ရဲတပ်ဖွဲ့ တာဝန်ရှိသူများနှင့် နစ်နာသူ လူငယ် မိသားစုဝင်များ ကံသာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် တွေ့ဆုံ၍ နှစ်ဦးနှစ်ဘက် ညှိနှိုင်း၍ ဖြေရှင်းခဲ့ရာ ပြေလည်မှုများ ရရှိပြီ ဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးမြို့နယ်သည် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး အခြေစိုက်ရာ မြို့ ဖြစ်ပြီး မြို့နယ် အတွင်း၌ တောင်ကြီးမြို့မရဲစခန်း၊ တောင်ကြီး၊ အေးသာယာ၊ ရွှေညောင်၊ ကျောက်တလုံးကြီးနယ်မြေရဲစခန်းများနှင့် ပြည်နယ်အဆင့်၊ ခရိုင်အဆင့် ရှိသည့် ရဲတပ်ဖွဲ့ဆိုင်ရာ ရုံးများ အခြေစိုက် ဖွင့်လှစ်ထားသည်။