ကျောက်မဲမြို့နယ်အတွင်းမှ တိုက်ပွဲရှောင် အားလုံးနီးပါး ကျောက်မဲမြို့သို့ ရောက်ရှိလာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲမြို့နယ်အတွင်းမှ တိုက်ပွဲရှောင် အားလုံးနီးပါး ကျောက်မဲမြို့သို့ ရောက်ရှိလာ

မင်းဇော်မင်း

.

ကျောက်မဲမြို့နယ်၊ လွယ်အံ (တင်း) ကျေးရွာအုပ်စုအတွင်း ဖြစ်ပွားနေသည့် RCSS နှင့် TNLA တို့၏ စစ်ရေးပဋိပက္ခများ ကြောင့် တိုက်ပွဲရှောင်လာသူ အားလုံးနီးပါး ကျောက်မဲမြို့သို့ ရောက်ရှိလာပြီဖြစ်ပြီး နောက်ဆုံးအသုတ်အဖြစ် ယမန်နေ့ ဒီဇင်ဘာလ ၂၉ ရက်၊ ည ၇ နာရီခန့်က မန်ဆပ်ရွာမှ တိုက်ပွဲရှောင် ၈၄ ဦး ထပ်မံရောက်ရှိလာကြောင်း ကျောက်မဲ မြို့နယ်စစ်ဘေးရှောင်များကူညီရေးအဖွဲ့ ထံက သိရသည်။

.


ဓါတ်ပုံ - ဦးသားဇော်၊ ဦးတင်မောင်သိန်း

.

“အားလုံးနီးပါး ရောက်ကြပါပြီ။ ဂီလာနနဲ့ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ များတယ်။ စောင်တွေ ဝေငှပေး နိုင်တယ်ဆိုပေမဲ့ အနွေးအင်္ကျီ၊ ခြေအိတ်စတာတွေနဲ့ ရာသီဥတုဒဏ် ခံနိုင်ဖို့ လိုအပ်တာတွေ ရှိနေပါသေးတယ်” ဟု ကျောက်မဲမြို့နယ်စစ်ဘေးရှောင်များကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

လက်ရှိတွင် အဆိုပါကျေးရွာများအတွင်း RCSS တပ်ဖွဲ့များ ရောက်ရှိနေပြီး နှစ်ဘက်ရင်ဆိုင်နေကာ စစ်ရေးတင်းမာ လျက်ရှိကြောင်း သိရသည်။

.

“၂၈ ရက် ညနေပိုင်းက ပန်လော့ရွာမှာဖြစ်တဲ့ တိုက်ပွဲမှာ အဲဒီကရွာသား မောင်ကျန်တို့ ညီအစ်ကို ၂ ‌ယောက် ‌တောင် ယာကအပြန် တိုက်ပွဲအတွင်း ကြားညှပ်လို့ မောင်ကျန် ဆုံးပြီး ညီဖြစ်သူ မောင်လူ ဒဏ်ရာရတယ်လို့ သိရတယ်။ လူနာ ရောက်မလာသေးလို့ တောင်းဖို့ ဆက်သွယ်နေပါတယ်။ မောင်ကျန်က အသက် ၃၀ အောက်လို့ သိရတယ်။ မောင်လူက ၂၀ နှစ် လို့ သိရတယ်။ ဘယ်မှာ ဒဏ်ရာရထားမှန်း မသိဘူး။ တိုက်ပွဲကြားမှာ ကျန်ရစ်တယ်လို့ပဲ ပြောကြတယ်” ဟု ဦး တင်မောင်သိန်းက ဆက်လက်ပြောဆိုခဲ့သည်။

.

လက်ရှိတွင် ဒီဇင်ဘာလ ၂၉ ရက်၊ ညပိုင်းက မန်ဆပ်ရွာမှ ရောက်ရှိလာသည့် တိုက်ပွဲရှောင် အိမ်ထောင်စု ၂၀ ကို ကျောက်မဲမြို့၊ အမှတ် (၈) ရပ်ကွက်ရှိ အောင်မင်္ဂလာကျောင်းတွင် ထားရှိကာ စောင်နှင့် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

.

RCSS နှင့် TNLA တို့၏စစ်ရေးပဋိပက္ခများကြောင့် ကျောက်မဲမြို့ပေါ်သို့ ရောက်ရှိလာသည့် တိုက်ပွဲရှောင်များမှာ စခန်း ၄ ခု နှင့် မြို့ပေါ် ဆွေမျိုးအသိအိမ်များသို့ ရောက်ရှိနေသူများ စုစုပေါင်း ၇၀၀ ကျော်ရှိ ပြီဖြစ်ကြောင်းသိရသည်။

.

စစ်ရေးတင်းမာနေသည့်အခြေအနေ၊ ရွာများအတွင်း ရွာသူရွာသားများ မရှိတော့သည့် အနေအထားအရ စစ်ရေး အရှိန်မြှင့်တင်လာနိုင်သဖြင့် စစ်ဘေးရှောင်ကာလ ကြာရှည်နိုင်မည်ဟု ခန့်မှန်းလျက်ရှိကြကြောင်း သိရသည်။

.

ဒီဇင်ဘာ ၂၅ ရက် မှစတင်၍ RCSS နှင့် TNLA တို့တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ ယနေ့ ဒီဇင်ဘာလ ၃၀ ရက်အထိ တိုက်ပွဲ ၇ ကြိမ် ဖြစ်ပွားခဲ့ပြီဖြစ်ကြောင်း နှစ်ဘက်တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များအရ သိရသည်။

.


Journal Download

Photo of three cats