မင်းဇော်မင်း
.
တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ
Aureum Palace Hotel မှ မြေယာကျူးကျော်မှုနှင့် ပတ်သက်၍ ယနေ့
ဒီဇင်ဘာလ ၃၀ ရက်၊ နံနက်ပိုင်းတွင် ဒေသခံများက ညောင်ရွှေမြို့တွင်း လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း
သိရသည်။
.
.
“သီးနှံပင်တွေ ဖျက်ဆီးတာ၊ မြေယာ မတရားကျူးကျော်တာတွေကို
တာဝန်ရှိ ဌာနဆိုင်ရာတွေက အမြန်ဖြေရှင်းပေးဖို့၊ ပိုင်ဆိုင်တဲ့ မြေယာတွေကို တိတိကျကျ
နယ်နိမိတ်တိုင်တွေနဲ့ သတ်မှတ်ပေးဖို့၊ လုံခြုံစွာ ကာရံပေးဖို့ တောင်းဆိုတာ ဖြစ်ပါတယ်”
ဟု ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်သူ ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာအုပ်စု၊ ပေပင်အင်း
ကျေးရွာ နေ ဦးဝင်းနိုင်က ပြောသည်။
.
ယင်းမြေနေရာတွင် ၂၀၁၅ ခုနှစ်ကတည်းက မြေယာအငြင်းပွားမှု
ဖြစ်ပေါ်နေခြင်းဖြစ်ပြီး ၎င်းစိုက်ပျိုးထားသည့် ရေခြံမှ ပြောင်း၊ ခရမ်းချဉ်သီးနှံများ
ဖျက်ဆီးခံခဲ့ရသည့်အတွက် သက်ဆိုင်ရာ ဌာနအသီးသီးသို့ အကြိမ်ကြိမ် စာဖြင့်သာမက လူ ကိုယ်တိုင်
တင်ပြခဲ့သော်လည်း တိကျသေချာသည့် ဖြေရှင်းပေးမှု မရှိသည့်အပြင် တာဝန်ရှိသူတစ်ဦးက အင်းသားများ
အင်းလေးဒေသတွင် ပိုင်ဆိုင်မှု ဘာမှမရှိ ဟု ပြောဆိုလာသည်ကို လက်မခံနိုင်သဖြင့် ၂၀၂၀
ပြည့်နှစ်၊ ဖေဖော်ဝါရီလ တွင် ဆန္ဒထုတ်ဖော်ခွင့် တင်ပြခဲ့သော်လည်း ဖြေရှင်းပေးမည်ဟုသာ
ပြောဆိုပြီး ခွင့်ပြုချက် မရခဲ့ကြောင်းနှင့် ပြီးခဲ့သည့် ဇူလိုင်လတွင် အဆိုပါမြေနေရာ၌
သီးနှံများ ပြန်လည်စိုက်ပျိုးခြင်း၊ ခြံစောင့်တဲဆောက်လုပ်ခြင်းတို့ ဆောင်ရွက်ခဲ့ရာ
တွင် ဖမ်းဆီးရာလာသူများအား ပိုင်ဆိုင်မှုအထောက်အထားများ ချပြနိုင်ခဲ့သဖြင့် ဖမ်းဆီးမခံခဲ့ရကြောင်း၊
မြေစစ်ဆေးမှု ၂ ကြိမ်ခန့် လာရောက်စစ်ဆေးပြီးဖြစ်သော်လည်း တိကျသည့် ပိုင်ဆိုင်မှု မှတ်တိုင်များ
သတ်မှတ်နိုင်ခြင်းမရှိဘဲ ဟိုတယ် ဘက်မှ မြေ
၂၈ ဧက၊ ၃၀ ဧကမှသည် ၄၀ ဧကအထိ တိုးချဲ့လာနေမှုကြောင့် ယခုကဲ့သို့ ဆန္ဒဖော်ထုတ်ရခြင်း
ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
ယင်းသို့ဆန္ဒဖော်ထုတ်ရာတွင်
အင်းလေးနေတောင်သူများအား တရားစွဲဆိုမှု ရပ်တန့်ပေးရေး၊ အင်းလေးနေ တောင်သူ များ တရားဥပဒေ
စိုးမိုးရေး၊ အင်းလေးနေတောင်သူလယ်သမားများ၏ တန်းတူညီမျှ ခံစားပိုင်ခွင့် များရရှိရေး၊
အင်းလေးနေ တောင်သူများ နေအိမ်စိုက်ပျိုးလယ်ယာမြေများအား
တရားဝင်နယ်နိမိတ်သတ်မှတ်ပေးရေး၊
အင်းလေးကန် လယ်ယာ မြေပုံစံများကို သေချာ ပြန်လည်စိစစ်ပေးရေး၊ အင်းလေးဒေသကို
ဥပဒေနှင့် အညီဆောင်ရွက်ပေးရေး၊ အင်းလေး ဒေသမှ
မြေယာကိစ္စများအား ဥပဒေနှင့်အညီဖြေရှင်းဆောင်ရွက်ပေးရေး၊ အင်းလေးနေ
တိုင်းရင်းသားများအား ဖိနှိပ် ချုပ်ချယ်မှုပပျောက်ရေး စသည် ဗီနိုင်းများကို
ကိုင်ဆောင်ကာ ကြွေးကြော်သံ များဖြင့် စီတန်းလှည့်လည်
ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။
.
အဆိုပါဆန္ဒဖော်ထုတ်မှုကို ပေပင်အင်းရွာနေ ဦးဝင်းနိုင်
ဦးဆောင်ကာ ညောင်ရွှေမြို့၊ ရုံးကြီးလမ်းနှင့် ဖောင်တော်ဆိုက် အထိ မြို့တစ်ဝက်ခန့်
လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။
.