မင်းဇော်မင်း
.
လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု
၅ စုမှ တောင်သူများအား ယနေ့ ဒီဇင်ဘာလ ၇ ရက်၊ နံနက်ပိုင်း က မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ
လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) များ ပေးအပ်ခဲ့ကြောင်း သိရသည်။
.
.“အခုလို COVID-19 ကာလမှာ ပြည်သူတွေအတွက်
စိတ်ခွန်အား ဖြစ်စေပါတယ်။ သူတို့တွေက ဒီလက်မှတ်ကိုကြည့်ပြီး ပီတိဖြစ်နေရတာမြင်ရတော့
စိတ်ချမ်းသာမိတယ်။ အခုဆိုရင် လယ်ယာဖွံ့ဖြိုးရေးဘဏ်မှာလည်း ငွေချေးယူခွင့် ရတော့မယ်။
လယ်ယာပေါ် ကျူးကျော်ပြဿနာလည်း မရှိတော့ဘူး။ စီမံကိန်းရေးဆွဲတဲ့အခါ လယ်ယာမြေနဲ့ ပတ်သက်ပြီး
တိကျတဲ့ သတင်းအချက်အလက်များ ရရှိပြီး လျာထားချက်ထက် ကျော်လွန်ဆောင်ရွက်နိုင်တဲ့အတွက်
မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ်” ဟု မိုင်းပန်မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးစိုးမင်းထက်က ပြောသည်။
.
မိုင်းပန်မြို့နယ်တွင် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ
ပြဌာန်းပြီးနောက် တောင်သူ ၁၉၆၆ ဦး၊ ဦးပိုင် ၂၄၇၈ ခု၊ မြေဧရိယာ ၅၅၁၇ ဧကတို့အား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်
ပုံစံ (၇) ထုတ်ပေးရမည်ဖြစ်ရာ လျာထားချက် ထက် ကျော်လွန်၍ ၅၃၅၇ ဧကအား ဥပဒေနှင့်အညီ လယ်ယာမြေ
ပုံစံ (၇) များ ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
.
နယ်မြေဒေသအခြေအနေအရ ထုတ်ပေးကျန်ရှိသော မြေဧရိယာများအား
ပြင်ဆင်လျားထားခဲ့ပြီးနောက် ယခုအခါ ကျေးရွာအုပ်စု များဖြစ်ကြသော နားလော၊
ကုန်းကျိုင်း၊ ဝိုးလိုင်း၊ နမ့်တိန်း၊ အရှေ့ရပ်ရှိ တောင်သူ ၁၈၇ ဦး၊ ဦးပိုင် ၂၂၁ ခု၊
မြေဧရိယာ ၆၀၀ ဒသမ ၂၄ ဧက တို့အတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇) များကို
ကျေးရွာအရောက် ကွင်းဆင်းပြီး တောင်သူများ လက်ဝယ်သို့ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.