စိန်ရေကန်ကုမ္ပဏီအနေဖြင့် ကျိုင်းတုံမြို့ အမှိုက်သိမ်းဆည်းရေးလုပ်ငန်းများကို ယခင်ထက် ပိုမိုတိုးမြှင့်လုပ်ဆောင် သွားမည် ဟုဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စိန်ရေကန်ကုမ္ပဏီအနေဖြင့် ကျိုင်းတုံမြို့ အမှိုက်သိမ်းဆည်းရေးလုပ်ငန်းများကို ယခင်ထက် ပိုမိုတိုးမြှင့်လုပ်ဆောင် သွားမည် ဟုဆို

မင်းဇော်မင်း

.

ကျိုင်းတုံမြို့ပေါ်တွင် အမှိုက်သိမ်းဆည်းရေးလုပ်ငန်းကို တာဝန်ယူဆောင်ရွက်နေသည့် စိန်ရေကန်ကုမ္ပဏီအနေဖြင့် အမှိုက်သိမ်းဆည်းရေးလုပ်ငန်းများကို ယခင်ထက် ပိုမိုတိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ မန်နေဂျာ စိုင်းဇော်မင်းထွန်းက ပြောဆိုခဲ့သည်။

.

.

“အမှိုက်ကားလမ်းကြောင်းတွေ မှန်အောင်၊ ကားတွေ ကောင်းအောင်၊ ကားပျက်ရင်လည်း လူထုသိအောင် ကြိုတင် ကြေညာတာ၊ ပြည်သူတွေ အမှိုက်စွန့်ပစ်ချင်လာအောင်၊ လူထုနဲ့ ဆက်ဆံရေး ကောင်းလာအောင်၊ မြို့သာယာလှပ အောင် အထူးအားစိုက် လုပ်ဆောင်နေပါတယ်။ စည်ပင်ရဲ့ လမ်းညွှန်ချက်အရ အမှိုက်ခွဲခြားစွန့်ပစ်တဲ့လုပ်ငန်းစဉ်တွေ လုပ်ဆောင်နိုင်ဖို့၊ ရာသီဥတုနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှု လျှော့ချနိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်နေပါတယ်” ဟု စိုင်းဇော်မင်းထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ထို့အပြင် ကုမ္ပဏီအနေဖြင့် Quarantine Center များတွင် မိလ္လာ အခမဲ့သိမ်းဆည်းပေးခြင်း၊ သက်ကြီးရွယ်အိုများသာ ရှိပြီး အမှိုက်ခွန် မပေးဆောင်နိုင်သူများကို အခမဲ့ ဖြေလျှော့ပေးခြင်း၊ အမှိုက်ကားလမ်းကြောင်းတွင် ဟွန်းဖြင့် နှိုးဆော် ခြင်း၊ အမှိုက်ခွန် ကောက်ခံသူဝန်ထမ်းများ ဆက်ဆံရေး ကောင်းမွန်စေရန် ကြိုးပမ်းခြင်းများအပြင် ကုမ္ပဏီဝန်ထမ်းများ ၏ ထိခိုက်ဒဏ်ရာရမှု လျော့ကျစေရန် အန္တရာယ်ရှိ အမှိုက်များကို လူထုမှ ခွဲခြားစွန့်ပစ်စေရေးကို တိုက်တွန်းနှိုးဆော် မေတ္တာရပ်ခံခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

.

စိန်ရေကန်ပုဂ္ဂလိကအမှိုက်သိမ်းဆည်းရေးကုမ္ပဏီမှ ကျိုင်းတုံမြို့ပေါ် ၅ ရပ်ကွက်သို့ နေ့စဉ် အမှိုက်သိမ်းကား ၆ စီးဖြင့် အမှိုက်သိမ်းဆည်းရေး လုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိရာ လမ်းကြောင်းမှန်အောင် နေ့စဉ် အလေးထား ဆောင်ရွက် ပေးလျက်ရှိပြီး ပြည်သူများ၏ မီးဖိုချောင်ထွက် အမှိုက်များကို အိမ်တိုင်ရာရောက် ကောက်ခံခြင်း၊ ကားမဝင်နိုင်ပါက လမ်းဆုံတွင် စောင့်ဆိုင်းပေးခြင်းများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း ၎င်းထံက သိရသည်။

.

“အမှိုက်ကားလာရင် အသံမကြားရတော့ အမှိုက်မပစ်နိုင်တာတွေ၊ အမှိုက်ခွန်ကောက် ဝန်ထမ်းတွေ ဆက်ဆံရေး ကောင်းမွန်လာတာတွေ ဖြစ်လာမယ်ဆိုရင် ကြိုဆိုပါတယ်” ဟု ကျိုင်းတုံမြို့၊ ကျိုင်းလမ်းရပ်ကွက်နေ ဒေသခံတစ်ဦးက ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။

.

စိန်ရေကန်ကုမ္ပဏီမှ ယာဉ်မောင်း ၆ ဦး၊ ယာဉ်နောက်လိုက် ၂၆ ဦးနှင့် ရုံးဝန်ထမ်းများ၏ လစာငွေများ ပုံမှန် ပေးချေ နိုင်ရေးအတွက် အမှိုက်ခွန် ပုံမှန်ကောက်ခံရရှိမှသာ လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ပြည်သူများ အနေဖြင့် ဇန်နဝါရီလမှ စတင်ကာ အမှိုက်ခွန် ပုံမှန်ထည့်ဝင်ပေးစေလိုကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

.

အမှိုက်ခွန်ကောက်ခံမှုမှာ မီးဖိုချောင်ထွက်အမှိုက်များကို လစဉ် တစ်အိမ်လျှင် ၁၅၀၀၊ ၂၀၀၀၊ ၂၅၀၀ ကျပ်အထိ အမှိုက် ထွက်ရှိမှုအပေါ် မူတည်၍ ကောက်ခံနေခြင်းဖြစ်ပြီး COVID-19 ကာလ အတွင်း စီးပွားရေးလုပ်ငန်းများ ပုံမှန်လည်ပတ် နိုင်ခြင်း မရှိသဖြင့် အမှိုက်ခွန် ကောက်ခံရရှိမှု နည်းပါးခဲ့သည်ဟု သိရသည်။

.

ကျိုင်းတုံမြို့ပေါ်တွင် တစ်ရက်လျှင် အမှိုက် ၁၈ တန်ခန့် ထွက်ရှိပြီး အမှိုက်ကား ၆ စီးဖြင့် သိမ်းဆည်းပေးလျက်ရှိကာ ဟွေဖျန်းသုသာန်လမ်းခွဲ တောင်ထိပ်ရှိ အမှိုက်စွန့်ပစ်ရာနေရာတွင် မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။

.


Journal Download

Photo of three cats