တောင်ကြီးမြို့၊ ဂနိုင်ကန်အတွင်း၌ အဆောက်အဦ ဆောက်လုပ်မည်ကို အရပ်ဘက်အဖွဲ့အစည်းများက ကန့်ကွက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၊ ဂနိုင်ကန်အတွင်း၌ အဆောက်အဦ ဆောက်လုပ်မည်ကို အရပ်ဘက်အဖွဲ့အစည်းများက ကန့်ကွက်

စုလှိုင်

.

တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ဂနိုင်ကန်အတွင်း စက်ယန္တရားများ ထားရှိရန် အဆောက်အဦ ဆောက်လုပ်မည့် ကိစ္စနှင့် ပတ်သက်၍ အရပ်ဘက်အဖွဲ့အစည်းအချို့က ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံ ကန့်ကွက်စာ ပေးပို့ထားသည်ဟု သိရသည်။

.

.

အဆိုပါ ဂနိုင်ကန်အတွင်း၌ ဒီဇင်ဘာလ ၁၇ ရက်က ယန္တရားစက်များ ထားရှိရန်အတွက် စည်ပင်သာယာရေးဌာနမှ မြေညှိခြင်း၊ မြေရှင်းခြင်းများ ပြုလုပ်နေသည့်အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး Green Land အရပ်ဘက်လူမှုအဖွဲ့အစည်း၊ Our Lovely World အရပ်ဘက်အဖွဲ့နှင့် စေတနာ့ဝန်ထမ်းတစ်ဦးတို့ ပူးပေါင်း၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံ ကန့်ကွက်စာ တင်ပြထားခြင်းဖြစ်ကြောင်း သိရသည်။

.

“လွန်ခဲ့တဲ့ တစ်ပတ်လောက်က ကားတွေ ဝင်လာတယ်။ ဒီမှာ အဆောက်အဦ ဆောက်လုပ်မယ်လို့ သိရတယ်။ အဆောက်အဦ ဆောက်ရင် အပင်တွေခုတ်ရမယ်။ ပြီးတော့ အဲဒီ ရေစိမ့်နိုင်တဲ့ ဧရိယာ ကျဉ်းသွားပြီး ရေနည်းသွားမယ်။ ဒီကန်က နဂိုကတည်းက အရည်အသွေး ကျနေတာ ဆိုတော့ နောက်ထပ် အဆောက် အဦ မဆောက်သင့်ဘူး။ တောင်ကြီးမြို့မှာ ရေရှားလာနေတဲ့အတွက် ဒီကန်ရဲ့ အရည်အသွေး မမြှင့်တင်လို့ မရလို့ ကန့်ကွက်ရခြင်း ဖြစ်ပါတယ်” ဟု တောင်ကြီးမြို့နေ စေတနာ့ဝန်ထမ်းတစ်ဦးက ပြောသည်။

.

ယင်း ဂနိုင်ကန် ပတ်လည်တွင် ရေကန်ထိန်းသိမ်းရေးအတွက် ချယ်ရီ၊ ရေမဲပင်များကို ကိုင်းထိုး စိုက်ပျိုး ထားသည်ဟု သိရသည်

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိထံသို့ ဆက်သွယ်ရာတွင် ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိ၍ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန ညွန်ကြားရေးမူး ဦးစိုင်းထွန်းထွန်းအား ဆက်သွယ်မေးမြန်းရာတွင် “တရားဝင်စာနဲ့ လုပ်ထားတာတော့ မရှိသေးဘူး။ ဒါပေမဲ့ AC ယန္တရားစက်၊ AC ခင်းမယ့်စက်ကြီးတွေ အဲဒီအနောက်က မြေနေရာလွတ်တဲ့နေရာလေးမှာ ထားဖို့ရှိတယ်။ သဘာဝပတ်ဝန်းကျင် ဘာမှ မထိခိုက်ပါဘူး” ဟု ပြန်လည် ဖြေကြားခဲ့သည်။

.

တောင်ကြီးမြို့ပေါ်ရှိ လမ်းများအား AC ကတ္တရာကွန်ကရစ်ခင်းလုပ်ငန်းများ ဆောင်ရွက်ရာ၌ စက်ယန္တရားများ ယာယီ ထိန်းသိမ်းထားရှိရန် ယင်းကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ၎င်းထံက သိရသည်။

.

တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်များအား သောက်သုံးရေ ပေးဝေရန်အတွက် အဆိုပါ ဂနိုင်ကန် အပါအဝင် မြကန်သာ ရေကန်၊ ရုရှားကန်တို့မှ ဖြန့်ဝေပေးနေခြင်းဖြစ်ကြောင်း သိရသည်။

.


Journal Download

Photo of three cats