ချစ်လှ (သိန္နီ)
.
သိန္နီမြို့နယ်ရှိ စော်ဘွားကြီး
ခွန်ဆန်တုန်ဟုန်း၏ သိန္နီဟော်နန်း ပြန်လည် တည်ဆောက်ရေးအတွက် ပန္နက်တင်
မင်္ဂလာအခမ်းအနားကို ဒီဇင်ဘာလ ၅ ရက်၊ နေ့လယ်ပိုင်းက အဆိုပါ ဟော်နန်း ဆောက်လုပ်မည့်
မြေနေရာတွင် ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင် တက်ရောက်ခဲ့ကြောင်း သိရသည်။
.
.တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်နှင့် တပ်မတော် အရာရှိကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊
တာဝန်ရှိသူများသည် သိန္နီမြို့နယ် ယဉ်ကျေးမှုပြခန်းရှိ သိန္နီစော်ဘွားကြီး
ခွန်ဆန်တုန်ဟုန်း၏ ဟော်နန်း ဆောက်လုပ်မည့် နမူနာ ပုံစံအား ကြည့်ရှုခဲ့ပြီး
သိန္နီမြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှု အသင်းခန်းမတွင် လားရှိုးမြို့၊
သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမဇောတိကဇေ ဘဒ္ဒန္တပုညာနန္ဒ၊
သိန္နီမြို့နယ် သံဃနာယက အကျိုးတော်ဆောင်ဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ဝိဇေယျ
အမှူးပြုသော ပင့်သံဃာ ၅ ပါးတို့အား လှူဖွယ်ဝတ္ထုနှင့် ရတနာပန္နက်တော်၊ ရွှေလက်ရိုက်တော်၊
ရွှေတူရင်းတော်များကို ဆက်ကပ်ခဲ့သည်ဟု သိရသည်။
.
ထို့နောက် နေ့လယ် ၁ နာရီ ၁၅ မိနစ်တွင်
သိန္နီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ ဟော်နန်းတော် တည်ဆောက်ခြင်း၊ ပန္နက်တော်တင်၊
တွင်းတော်ဝန် မင်္ဂလာအခမ်းအနားကို ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်နှင့် တပ်မတော်အရာရှိကြီးများမှ ပန္နက်တော် ၅ ဌာနတို့တွင်
ရတနာပန္နက်တော် ၉ ချက်စီ စိုက်ထူ၍ ပရိတ်နံ့သာရေများ ပက်ဖျန်းခြင်း၊ သံဃာတော်များမှ
မင်္ဂလာဂါထာတော်များ ရွတ်ဖတ်ပူဇော်ခြင်းတို့ကို ပြုလုပ်ခဲ့ ကြောင်း သိရသည်။
.
ဆက်လက်၍ အလှူငွေပေးအပ်ပွဲကို ကျင်းပရာ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ငွေကျပ် သိန်း
၃၀၀၀ အား လည်းကောင်း၊ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော
ကုမ္ပဏီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦးမှ ငွေကျပ် သိန်း ၆၅၀ အားလည်းကောင်း၊
မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစောမှ ငွေကျပ်
သိန်း ၃၅၀ အား လည်းကောင်း အသီးသီးပေးအပ်ခဲ့ရာ ဟော်နန်း ပြန်လည် တည်ဆောက်မှု
ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းမျိုးညွန့်မှ လက်ခံရယူခဲ့ပြီး
ရှမ်းစာပေနှင့် ယဉ်ကျေးမှု အသင်း ဥက္ကဋ္ဌ ဦးဝင်းမြင့်ထွန်းက ကျေးဇူးတင်စကား
ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
.
အဆိုပါ သိန္နီဟော်နန်း ပြန်လည်တည်ဆောက်ရေး
ပန္နက်တော်တင်အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်
(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး
ဗိုလ်မှူးကြီး ဝင်းထွဋ်လေး၊ အမှတ် (၁၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စစ်ဦးစီး
(ပထမတန်း) ဒုတိယဗိုလ်မှူးကြီး ဝင့်ကိုနှင့် အရာရှိ စစ်သည်များ၊
ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သော သိန္နီမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)
မှ ဒေါ်နန်းခင်ထားရီ၊ သိန္နီမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှ ဦးစိုင်းစိန်လူ၊
သိန္နီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် ဌာနဆိုင်ရာများ၊ သိန္နီမြို့နယ်
ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးစိုင်းမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊
သိန္နီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ ဟော်နန်း ပြန်လည်တည်ဆောက်မှု
ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းမျိုးညွန့်နှင့် ရပ်မိရပ်ဖများ
တက်ရောက်ခဲ့ကြောင်း သိရသည်။
.
သိန္နီဟော်နန်းကို ၁၂၇၃ ခုနှစ် (ခရစ်နှစ် ၁၉၁၁
ခုနှစ်) စော်ဘွားကြီး ခွန်ဆန်တုန်ဟုန်းလက်ထက်က ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး
ဒုတိယကမ္ဘာစစ်အတွင်းက ဗုံးထိမှန်ပျက်စီးခဲ့ကာ လက်ရှိအချိန်တွင် စော်ဘွားမိသားစု၏
လွှဲပြောင်းချက်အရ သိန္နီမြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှ
ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အတွင်းရှိ ပျက်စီးယိုယွင်းနေသော
သိန္နီဟော်နန်းနှင့် မိုင်းပွန်ဟော်နန်းတို့ကို တပ်မတော်မှ ပြန်လည်
ပြင်ဆင်ပေးသွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်
ဇော်မင်းထွန်းက ပြီးခဲ့သည့် စက်တင်ဘာလတွင် မီဒီယာများသို့ ပြောဆိုထားသည်။
.
No comments:
Post a Comment