မိုင်းထွန်း (ကျောက်မဲ)
.
လက်နက်ကိုင်ပဋိပက္ခများကြောင့် ကျောက်မဲမြို့ပေါ်သို့
ယာယီတိမ်းရှောင်လာသည့် ပြည်သူများအား အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)
က ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ ထောက်ပံ့ရန်ကျန်ရှိသူများအား ထပ်မံထောက်ပံ့နိုင်ရေးအတွက်
စာရင်းကောက်ယူခြင်းလုပ်ငန်းကို ယနေ့ ဒီဇင်ဘာလ ၃ ရက်၊ နံနက်ပိုင်းက၊ ကျောက်မဲမြို့၊
ကျက်သရေဆောင်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) အနေဖြင့် လက်နက်ကိုင်
ပဋိပက္ခများကြောင့် မြို့ပေါ်သို့ ယာယီ တိမ်းရှောင်လာသည့်ပြည်သူများအနက်
အမှန်တကယ်အိမ်ငှားနေထိုင်ရသူများ၊ COVID-19 ကာလအတွင်း
အမှန်တကယ် ခက်ခဲနေသူများအတွက် လူတစ်ဦး တစ်လ ငွေကျပ် ၂၅၀၀၀ နှုန်းဖြင့် ၃ လစာ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
.
ICRC မှ လက်နက်ကိုင် ပဋိပက္ခကြောင့်
ကျောက်မဲမြို့ပေါ်သို့ ယာယီတိမ်းရှောင်လာသည့် လူဦးရေ ၃၀၀ ဦးခန့်ကို စက်တင်ဘာလမှ
နိုဝင်ဘာ အထိ ၃ လစာ ထောက်ပံ့ပေးခဲ့ပြီးကြောင်း သိရသည်။
.
ယခုအခါ ထောက်ပံ့ရန် ကျန်ရှိသူများ၏စာရင်းများကို
ရပ်ကွက် အသီးသီးရှိ စုရပ်များတွင် ထပ်မံကောက်ခံကာ အမှန်တကယ်ခက်ခဲသူများအား
ဒီဇင်ဘာမှ စ၍ ၃ လစာ ထပ်မံထောက်ပံ့သွားမည်ဖြစ် ကြောင်း ICRC အဖွဲ့မှ
ဦးအိုက်နောင့် ထံက သိရသည်။
.