မင်းဇော်မင်း
.
ကျောက်မဲမြို့နယ်၊ ပိန္နဲကုန်းကျေးရွာ ဝါဆိုကျောင်းသို့
လွယ်အံ၊ ကောင်းခါး၊ ပန်မခံ၊ ပန်လော့ ကျေးရွာများမှ တိုက်ပွဲရှောင် လူဦးရေ ၄၀၀ ကျော်
ရောက်ရှိနေပြီး ထပ်မံ၍လည်း ၃၀၀ ကျော် လာရောက်ရန် ရှိနေကြောင်း သိရသည်။
.
အဆိုပါ တိုက်ပွဲရှောင်များသည် ကျေးရွာများမှ လမ်းလျှောက်လာနေကြခြင်းဖြစ်ပြီး
ကျောက်မဲမြို့ အခြေစိုက် အိုမ်တမာဝ်၊ မြတ်မွန်စေတနာ၊ ကိုဗစ်ကူညီရေး 5 Stars
အဖွဲ့၊ သီပေါလူငယ်အဖွဲ့ နှင့် နောင်ပိန်မှ ကမ်းလင့်လက်များ စသည့် လူမှုရေး အသင်း ကားများဖြင့်
လမ်းခရီးတွင် သွားရောက်ကြိုဆို ခေါ်ဆောင်လာကြခြင်းဖြစ်ကြောင်း သိရသည်။
.
“မနက် ၄ နာရီကတည်းက လမ်းလျှောက်လာတာလို့ သိရတယ်။
လမ်းမှာလည်း လာနေဆဲပဲ။ ကားတွေ လမ်းကို သွားကြိုနေဆဲပါ။ ကျွန်တော်တို့ မိုင်းတင်းချောင်းအထိ
သွားကြိုခဲ့တယ်” ဟု အိုမ်တမာဝ် လူမှုကူညီရေးအဖွဲ့မှ ကိုစမိုင်းလ်က ပြောသည်။
.
ထို့အတူ ကျောက်မဲမြို့နေ လူမှုကူညီရေးလုပ်ငန်းများ
ဆောင်ရွက်နေသူ ဦးသာဇော် ကလည်း “ပြေးလာကြတော့ စောင်တွေလည်း မပါလာကြဘူး။ အဖိုးအဖွားတွေ၊
ကလေးသူငယ်တွေ အများကြီးပါတယ်။ အသိအိမ်တွေကို လာကြို ခိုင်းတာလည်း ရှိတယ်။ ဒီမှာနေတဲ့
သူတွေကိုတော့ အားလုံး တာဝန်ယူကြောင်း ပြောပြထားတယ်။ မိုင်းထိတာတော့ မိုင်းငေါ့ဘက်မှာ
ကြားတယ်။ ဒီဘက်လည်း ကြားတယ်။ ရောက်မလာသေးတော့ အတည်ပြုလို့ မရသေးပါဘူး” ဟု ပြောဆိုခဲ့သည်။
.
ယင်းတိုက်ပွဲရှောင်များအတွက် အမိုးအကာများ၊ စောင်များလိုအပ်နေပြီး
လိုအပ်ချက်များစွာကို ဖြည့်ဆည်းပေးရန် အင်တိုက်အားတိုက်ဆောင်ရွက်နေကြောင်းနှင့်
လမ်းတွင်လာနေဆဲဖြစ်သည့် ဦးရေ ၃ဝဝ ခန့် ကိုလည်း သွားရောက်ခေါ်ယူ နိုင်ရန်ကြိုးစားနေကြောင်း၊
လွယ်အံနှင့် ပန်ခန်ကျေးရွာဒေသခံအချို့မှာ ပိတ်မိနေဆဲဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
ကျောက်မဲမြို့နယ်၊ ပန်လော့တောင်ထိပ်တွင် ယနေ့ ဒီဇင်ဘာလ
၂၈ ရက်၊ နံနက်ပိုင်းက RCSS နှင့် TNLA တို့
တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက်မှ စတင်၍ ယင်းလက်နက်ကိုင်တပ်ဖွဲ့
၂ ခု ထိတွေ့တိုက်ပွဲများ ကြောင့် ဒေသခံများ တိုက်ပွဲရှောင် လာကြခြင်းဖြစ်ကြောင်း သိရသည်။
.