မိုင်းထွန်း (ပြန်ဆက်)
.
ကျောက်မဲမြို့နယ် ပြည်သူ့ဆေးရုံကြီးဝင်း အတွင်း၌ အလှူရှင်များ၏ လှူဒါန်းမှုဖြင့် ဆောက်လုပ်မည့် ကျောက်ကပ် သန့်စင်စက် အဆောက်အဦ ပန္နက်ရိုက် မင်္ဂလာ အခမ်းအနားနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို အဆိုပါ အဆောက်အဦး ဆောက်လုပ်မည့် နေရာတွင် ယနေ့ (ဒီဇင်ဘာလ ၁၃ ရက်)နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
အခမ်းအနား စတင်ချိန်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းအုန်းကျော်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းအောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်နှင့် ဌာနဆိုင်ရာများ၊ အလှူရှင်များက မင်္ဂလာအချိန်တွင် သတ်မှတ်နေရာများ၌ ပန္နက်ရိုက်ပေးခဲ့ကြကြောင်း သိရသည်။
.
.
ယင်းနောက် ကျောက်ကပ်သန့်စင်စက် အဆောက်အဦအတွက် အလှူရှင်များက စုစုပေါင်း ငွေကျပ် ၁၁၅၂ သိန်း အား ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများမှ လက်ခံခဲ့ကြောင်း သိရသည်။
.
ယခု ဆောက်လုပ်မည့် အဆောက်အဦသည် ကျောက်ကပ် သန့်စင်စက် ၆ လုံးအထိ ထားရှိနိုင်သည့် အဆောက်အဦဖြစ်ပြီး ကျောက်ကပ် သန့်စင်စက် ၃ လုံး ဝယ်ယူရန် အတွက် အလှူခံရရှိပြီးဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောဆိုအရ သိရသည်။