ကိုစိုး (ကမ္ဘောဇတိုင်း)
.
ရှမ်းပြည်နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား
ပြန်လည်ရွေးချယ်ရန် ပြည်ထောင်စုအစိုးရမှ ညွှန်ကြားလာခြင်း မရှိသေးကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံက
သိရသည်။
.
.“အုပ်ချုပ်ရေးမှူးတွေ ပြန်ရွေးဖို့ ညွှန်ကြားလာတာ
မရှိသေးပါဘူး။ အခု အုပ်ချုပ်ရေးမှူးတွေရဲ့ သက်တမ်းကတော့ နိုင်ငံတော် သမ္မတနဲ့အတူ မတ်လကုန်မှာ
သက်တမ်းကုန်မှာ ဖြစ်ပါတယ်” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းက ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ
အခန်း (၄) ပုဒ်မ ၉ (က) တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၏ သက်တမ်းသည် သာမန်အားဖြင့်
နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်း ဖြစ်သည်ဟု ပြဌာန်းဖော်ပြထားရာ လက်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု
အုပ်ချုပ်ရေးမှူးများ၏ သက်တမ်းသည် လာမည့် ၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် ကုန်ဆုံးမည်ဖြစ်ပြီး
ယင်းနေ့ မတိုင်မီတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးအသစ်များကို ပြန်လည်ရွေးချယ်သွားရန်
ရှိနေသည်။
.
လက်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို
နိုင်ငံတော်သမ္မတ ဦးထင်ကျော်လက်ထက် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၁၈ ဇန်နဝါရီလအတွင်းက
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေနှင့်အညီ ပြန်လည် ရွေးချယ်တင်မြှောက်ထားခြင်းဖြစ်သည်။
.
၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်က ပြည်ထောင်စုလွှတ်တော်
ဥပဒေအမှတ် (၄၁) ဖြင့် ပြင်ဆင်ပြဌာန်းခဲ့သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ
အရ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို ရွေးချယ်ရာတွင် အိမ်ထောင်စု တစ်စုလျှင် အသက်
၁၈ နှစ်ပြည့်ပြီးသူတစ်ဦးက မဲပေးရန် တာဝန်ရှိပြီး ယင်း အိမ်ထောင်စုကိုယ်စားလှယ်များမှ
ရပ်မိရပ်ဖများ ပါဝင်သော ကြီးကြပ်ရေးအဖွဲ့ ၅ ဦးကိုလည်းကောင်း၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊
ကျေးရွာတာဝန်ခံနှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများကို လည်းကောင်း အဆင့်ဆင့်
ရွေးချယ်တင်မြှောက်ပေးရမည်ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်တစ်ခုလုံးတွင် မြို့နယ်ပေါင်း ၅၅ မြို့နယ်၊
ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၁၇၈၇ စု ရှိကြောင်း သိရသည်။
.