စုလှိုင်
.
ကျောက်မဲခရိုင်၊ နောင်ချို မြို့နယ်၊ သုံးဆယ်ကျေးရွာအုပ်စု၊
သုံးဆယ်ကျေးရွာတွင် လယ်ယာမြေလုပ်ကိုင်ခွင့် ပုံစံ (၇) ရရှိထားသည့်မြေအား လမ်းမြေအတွက်
တောင်းခံမှုနှင့် ပတ်သက်၍ ခရိုင် မြေစစ်ကော်မတီထံ တင်ပြတိုင်ကြားထား သည်ဟု သိရသည်။
.
.
“တကယ်တမ်းတော့ လမ်းမရှိဘူး။ ပုံစံ (၇) မြေကွက်လည်း
ဖြစ်တဲ့အတွက် လမ်းမပေးနိုင်ဘူး။ ဒါပေမဲ့ လူတွေ အတွက် ထွက်လမ်း/ဝင်လမ်း
အဆင်ပြေအောင် ၅ ပေ ပေးမယ်ပေါ့။ ပထမ တစ်ခေါက်က လမ်းမရတဲ့ အတွက် ခရိုင်ရုံးကို
တိုင်တယ်။ ခရိုင်ရုံးက ကော်မတီဖွဲ့ပြီး လမ်းလေးဖြစ် မြောက်ရေးအတွက် စီစဉ်ပေးပါဆိုပြီး
လမ်း ၅ ပေ တိုင်းပြီး ပေးလိုက်တယ်။ တကယ်လို့ လမ်းကျဉ်းရင် အကွက်တွေထဲက ၅ ပေ
နောက်ဆုတ်ပြီး ကာပေး အဲဒါဆိုရင် ၁၀ ပေ သွားလို့ရပြီပေါ့။ အဲဒီလို လုပ်ထားတာရှိတယ်။
အဲဒါကို လမ်းတိုင်းတဲ့အတိုင်း မလုပ်ဘဲ ကျွန်တော့်မြေထဲက ဆွဲပြီး တိုင်းသွားတာပေါ့။
ကျေးရွာအုပ်စုဥက္ကဋ္ဌ လုပ်သွားတာပေါ့” ဟု မြေကွက် ပိုင်ရှင် ဦးကံချွန်က
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ ၎င်းပိုင်မြေအား လမ်းမြေအဖြစ် တိုင်းတာမှုနှင့်
ပတ်သက်၍ မြေကွက်ပိုင်ရှင် ဦးကံချွန်က ဩဂုတ်လ ၁၈ ရက်တွင် ကျောက်မဲခရိုင်မြေစစ်ကော်မတီနှင့်
လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသို့ တင်ပြ တိုင်ကြား ထားသည်ဟု သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ သုံးဆယ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး
ဦးညွန့်အောင်အား ကမ္ဘောဇတိုင်းမှ ဆက်သွယ် မေးမြန်းရာတွင် “မြို့နယ်မြေစာရင်း၊ အုပ်ချူပ်ရေးဌာနဆိုင်ရာ
စစ်ဆေးပြီးမှ သူ့အတိုင်းအတာနဲ့သူ အားလုံး စီစဉ်ထားပြီးသားပါ” ဟု ပြန်လည် ဖြေကြားခဲ့သည်။
.
ထို့အတူ နောင်ချိုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးလင်းအောင်
ကလည်း “စာတင်ထားတာ ဟုတ်ပါတယ်။ တကယ်တမ်း ပြောရရင် သွားဖို့လမ်းရှိတယ်။ ဒီလမ်းက
သူတို့အတွက် အရေးတကြီးကြီး မဟုတ်ဘူး။ ဒါကြီးကိုကိုင်ပြီး ပြောနေကြ တာပေါ့။ အဲဒီလမ်းကို
ချဲ့မယ်ဆိုရင် အဆောက်အဦ ကိုဖြိုရမှာပါ။ ဖြေရှင်းဖို့ ကျေးရွာလူကြီးတွေပါတဲ့ အဖွဲ့ထားတယ်။
ရွာကိုပဲ ဖြေရှင်းခိုင်းထားတယ်” ဟု ပြောဆိုခဲ့သည်။
.
သုံးဆယ်ကျေးရွာသည် နောင်ချိုမြို့၏ အနောက်ဘက်၊ ပြင်ဦးလွင်-မိုးကုတ်
ကားလမ်းပေါ်တွင် တည်ရှိပြီး ကျေးရွာအတွင်း အိမ်ခြေ ၄၀၀ ခန့် ရှိကြောင်း သိရသည်။
.