စိုင်းအောင်ဇော်လင်း
.
တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်
ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ၌ ဆောင်းသီးနှံ ဟင်းသီးဟင်းရွက်
စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
.
.“မိရိုးဖလာ စိုက်ပျိုးလာရာကနေ
ခေတ်မီစိုက်ပျိုးနည်းစနစ်ကို နားလည်လာကြတဲ့အတွက် စက်ယန္တရားတွေ အသုံးပြု
စိုက်ပျိုးနေပါတယ်။ အဲဒီလို စက်ယန္တရား အသုံးပြုစိုက်ပျိုးတဲ့အတွက် အချိန်ကုန်၊
ငွေကုန်သက်သာပြီး လုပ်သား ရှားပါးမှု အခက်အခဲကိုလည်း ပြေလည်စေပါတယ်” ဟု
ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာမှ တောင်သူ တစ်ဦးက ပြောသည်။
.
အဆိုပါ ဘက်စုံအဆင့်မြင့်နည်းပညာသုံး
စံပြကျေးရွာတွင် မုန်ညှင်း၊ ရွှေပဲရွက်၊ ငရုတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မုံလာ၊
ကိုက်လန်၊ ကန်စွန်း၊ ချဉ်ပေါင်၊ ခရမ်း၊ ရုံးပတီ၊ ဖရုံ၊ ဘူး၊ သခွား စသည့် ဆောင်းသီးနှံ
ဟင်းသီးဟင်းရွက်များကို အများဆုံး စိုက်ပျိုးထားကြကြောင်း သိရသည်။
.
ထို့အတူ မိုင်းယောင်းမြို့နယ်
စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးကျော်ကျော်မိုး ကလည်း “တောင်သူများထံသို့
မိုင်းယောင်းဒေသရဲ့ ရာသီဥတုအခြေအနေနဲ့ ကိုက်ညီတဲ့ အထွက်နှုန်းကောင်းမွန်စေတဲ့
ဆောင်းသီးနှံမျိုးစေ့များကို အခမဲ့ ဖြန့်ဝေပေးတဲ့အပြင် ပိုးမွှားရောဂါ
မကျရောက်အောင် ကာကွယ်နည်းတွေ၊ အပင်အားကောင်းစေရန် သဘာဝမြေဩဇာနဲ့ ဓာတ်မြေဩဇာ
ပေါင်းစပ်ကြဲပက်နည်းတွေ၊ ဘက်စုံပိုးမွှားရောဂါ ကာကွယ်နည်းတွေ၊ မြေဆွေးပုံပြုလုပ်နည်းတွေကို
ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ COVID-19
စည်းကမ်းချက်များနဲ့အညီ စဉ်ဆက်မပြတ် အသိပညာပေးလျက်ရှိပါတယ်”ဟု ပြောဆိုခဲ့သည်။
.
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဖြန့်ဝေသည့်
ဒေသရာသီဥတုနှင့် ကိုက်ညီပြီး အထွက်ကောင်းသော ဆောင်းသီးနှံမျိုးစေ့ များကို
ရွေးချယ်၍ အဓိကစိုက်ပျိုးခဲ့သဖြင့် ဆောင်းသီနှံ ဟင်းသီးဟင်းရွက်စိုက်ခင်းများ
အောင်မြင်ဖြစ်ထွန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် စိုက်ပျိုးရေးအတွက် အရေးကြီးသော
ရေရရှိရန်၊ ရေစီးရေလာကောင်းမွန်စေရန် တာဝန်ရှိသူများမှ နမ့်မိန်ချောင်းနှင့်
ရေသွယ်မြောင်းကြီးများ ပြုပြင်ပေးခဲ့သဖြင့် အဆင်ပြေစွာ
စိုက်ပျိုးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများ ထံက သိရသည်။
.