မင်းဇော်မင်း
.
ရှမ်းပြည်နယ်အတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်နှင့်
အလုပ်စခန်းများတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားများ အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ
ဒီဇင်ဘာလ ၁၁ ရက်၊ နံနက်ပိုင်းက ညောင်ရွှေအကျဉ်းထောင်၌ စားနပ်ရိက္ခာများ သွားရောက်ထောက်ပံ့
လှူဒါန်းခဲ့သည်ဟု သိရသည်။
.
ထိုသို့ လှူဒါန်းရာတွင် အကျဉ်းသားတစ်ဦးလျှင် ငွေကျပ်
၂၀၀၀ နှုန်းဖြင့် အကျဉ်းသားစုစုပေါင်း ၁၂၀၀၀ ကျော်အတွက် ကျပ်သိန်း ၂၀၀
ကျော်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း လှူဒါန်းပွဲသို့ တက်ရောက်ခဲ့သည့် ရှမ်းပြည်နယ်နိုင်ငံရေး
အကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ညောင်ရွှေမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးက
ထံက သိရသည်။
.
“အစိုးရအနေနဲ့ အခြေခံလူတန်းစားတွေအတွက်
ထောက်ပံ့ငွေတွေ ပေးအပ်သလို ရှမ်းပြည်နယ်အစိုးရကလည်း အကျဉ်းကျနေကြသူတွေအတွက်
စိတ်ပိုင်းဆိုင်ရာ အကူအညီဖြစ်စေဖို့ ထောက်ပံ့လှူဒါန်းပေးတာဖြစ်တယ်လို့ ဝန်ကြီးချုပ်က
ပြောပါတယ်” ဟု ဦးနေမျိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ လှူဒါန်းပွဲ အခမ်းအနားသို့
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
ဦးခွန်ရဲထွေး၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊
ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်ဥပဒေချုပ်
ဦးတင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါခဲ့ကြောင်း သိရသည်။
.
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့်
အဖွဲ့သည် ကလောမြို့နယ် အောင်ပန်း စိုက်ပျိုးရေး သုတေသနခြံသို့ လည်းကောင်း၊ တောင်ကြီး
မြို့နယ် တောင်လေးလုံး (ခေါင်တိုင်လမ်းခွဲ)၌ ဖွင့်လှစ်ထားသော COVID-19 ရောဂါကာကွယ် တားဆီးရေးဂိတ်သို့လည်းကောင်း သွားရောက်ကြည့်ရှုအားပေးပြီး ဟဲဟိုးအင်းခေါင်းဆည်နှင့်
ယင်းဆည် အနီးရှီ စိုက်ပျိုးရေးသုတေသနခြံသို့လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း
သိရသည်။
.