.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပေါ့အင်ကျေးရွာအုပ်စု၊ မြင်းသောင်းကျေးရွာ၌ ပအိုဝ်းတိုင်းရင်းသားများ အသုံးပြုသည့် လက်ရက် လွယ်အိတ်များ မှာယူမှု နည်းပါးနေသဖြင့် ရောင်းအားကျဆင်းနေလျက် ရှိကြောင်း လက်ရက်ကန်း ရက်လုပ်နေသူများထံမှ သိရသည်။
.
“ လွယ်အိတ်ကို အရွယ် ရောက်ကတည်းက ရက်လုပ်နေတာပါ၊ အခုလည်း လုပ်နေတုန်းပဲ။ နေ့တိုင်း အိမ်မှာနေပြီး လွယ်အိတ်ပဲ ရက်လုပ်ဖြစ်နေတယ်၊ မှာတဲ့သူ ရှိရင် လွယ်အိတ်အပြင် ခေါင်းပေါင်းနဲ့ ပိုးစောင်တွေလည်း ရက်လုပ်ပါတယ်’’ ဟု မြင်းသောင်း ကျေးရွာနေ လက်ရက်ကန်း ရက်လုပ်နေသူ နန်းခမ်းရင်က ပြောသည်။
.
တစ်ရက်လျှင် လွယ်အိတ် တစ်လုံးသာ ရက်လုပ်နိုင်ပြီး လွယ်အိတ် အရွယ်အစားပေါ် မူတည်၍ ငွေကျပ် ၂၀၀၀ မှ ၈၀၀၀ ကျပ်အထိ ရောင်းချရပြီး ယခင်က ပွင့်လင်းရာသီ ကာလတွင် ပွဲလမ်းသဘင် များပြားသောကြောင့် လွယ်အိတ် အမှာ များပြား၍ မနားမနေ ရက်လုပ်ခဲ့ရသော်လည်း ယခု COVID-19 ကာလအတွင်း၌မူ ပွဲလမ်းသဘင်များ မပြုလုပ်ခြင်းကြောင့် လွယ်အိတ် မှာယူမှု နည်းပါးနေခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
.
အဆိုပါ လက်ရက်လွယ်အိတ်များကို ပအိုဝ်းတိုင်းရင်းသားများက ပွဲလမ်းသဘင်များ၊ ရိုးရာအက ပဒေသာပွဲများတွင် လည်းကောင်း၊ ဈေးရောင်းဈေးဝယ်နှင့် ခရီးသွားလာရာတွင် လည်းကောင်း အသုံးပြုကြသည်။
.
မြင်းသောင်းကျေးရွာတွင် အိမ်ခြေ ၁၀၀ ကျော် ရှိပြီး လက်ရက်ကန်း လုပ်ငန်းကို လူကြီးလူငယ် အားလုံး ရက်လုပ်လေ့ ရှိပြီး လက်ရှိတွင် လွယ်အိတ် မှာယူသူ နည်းပါးလာခြင်းကြောင့် လုပ်ငန်းအချို့ ရပ်နားထားပြီး လယ်ယာလုပ်ငန်းများတွင် နေ့စားအဖြစ် ဝင်ရောက် လုပ်ကိုင်နေကြရလျက် ရှိကြောင်း သိရသည်။
.