.
တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်း၊ ဝါးပြားလမ်းဆုံတွင် အမှိုက်စွန့်ပစ်ရန် ထားရှိသည့် အမှိုက်ပုံး (အမှိုက်သိမ်းကန်) မရှိတော့သဖြင့် ရပ်ကွက်နေသူများ အခက်အခဲ ဖြစ်ပေါ်နေရကြောင်း သိရသည်။
.
ဝါးပြားလမ်းဆုံတွင် ယခင်က အမှိုက်စွန့်ပစ်ရန် အမှိုက်ပုံး (အမှိုက်သိမ်းကန်) ရှိသော်လည်း အနောက်မြို့ပတ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေစဉ် ယင်းအမှိုက်ပုံးအား ဖယ်ရှားထားခြင်း ဖြစ်သည်။
.
“ အခုက လမ်းခင်းနေတော့ အမှိုက်သိမ်းကန်တွေ ပြန် သိမ်းသွားတာပေါ့။ ရပ်ကွက်ထဲက အိမ်တွေ အမှိုက်ပစ်ဖို့ တော်တော် ခက်သွားတယ်။ အမှိုက်သိမ်းကန် မရှိတဲ့အတွက် အမှိုက်သိမ်းကားကို တစ်ရက်ခြားလောက်တော့ လာပေးစေချင်ပါတယ်။”ဟု တောင်ကြီးမြို့၊ ချမ်းသာရပ်ကွက်နေသူ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ဝါးပြားလမ်းဆုံတွင် ထားရှိသည့် အမှိုက်ပုံး (အမှိုက်သိမ်းကန်)တွင် ကျောင်းကြီးစုရပ်ကွက်နှင့် ချမ်းသာရပ်ကွက် နေထိုင်သူများ အဓိက အသုံးပြု အမှိုက်စွန့်ကြပြီး လက်ရှိတွင် အမှိုက်သိမ်းယာဉ် ပုံမှန် မလာသည့် ကာလများ၌ အမှိုက်စွန့်ပစ်ရန် အခက်အခဲ ဖြစ်ပေါ်နေရခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက် အများစုတွင်လည်း အမှိုက်ပုံး (အမှိုက်သိမ်းကန်)များ မရှိသည့် အပြင် အမှိုက်သိမ်းယာဉ် အချိန်မှန် လာရောက်သိမ်းဆည်းမှု မရှိခြင်းကြောင့် အမှိုက်ပုံး ရှိရာ အခြား ရပ်ကွက်များသို့ ကား/ဆိုင်ကယ်များဖြင့် သွားရောက် စွန့်ပစ်နေရကြောင်း သိရသည်။
.
“ အမှိုက်ကား မလာတာထက် အမှိုက် ပစ်ဖို့ နေရာမရှိတာကို ထည့် စဉ်းစားပေးသင့်တယ်။ နေရာအနှံ့မှာ အမှိုက်ပုံးတွေ ထားပေး။ အဲဒီ အမှိုက်ပုံးကိုလည်း အချိန်မှန် သိမ်းပေးရင် အမှိုက်ကား ဘယ်ချိန်လာမှာလဲ မျှော်စရာ မလိုတော့ဘူး၊ အမှိုက် ပြေးသွန်ရတာမျိုး မရှိနိုင်တော့ဘူး။ ပြည်သူကလည်း အခွန်လေးတော့ ပုံမှန်ဆောင်ကြရင် ဒီပြသနာက အေးဆေး ဖြစ်သွားမှာပါ။ အဲလို မဟုတ်ဘဲ ကုမ္ပဏီက အခွန်မဆောင်တာကို အကြောင်းပြ၊ ဒီဘက်ကလည်း အမှိုက်ကား မလာတာကို အကြောင်းပြနဲ့ ပြီးတော့မှာ မဟုတ်ဘူး။” တောင်ကြီးဒေသခံ မစုလှိုင်စိုးက ပြောသည်။
.
တောင်ကြီးမြို့ပေါ်တွင် ရပ်ကွက်ပေါင်း ၂၂ ရပ်ကွက် ရှိပြီး အိမ်ခြေပေါင်း ၂၂၇၀၀ ကျော်ခန့်မှ တစ်နေ့လျှင် ပျဉ်းမျှ အမှိုက်တန်ချိန် ၁၀၀ ကျော်ခန့် ထွက်ရှိကြောင်း သိရသည်။