စုလှိုင်
.
ကလောမြို့နယ်၊ ရေချိုကျေးရွာအုပ်စု၊ တံတားဦးနှင့်
လွယ်ဟတ်ကျေးရွာအကြား အောင်ပန်းသစ်တောကြိုးဝိုင်းအတွင်း ရှိ ထင်းရှူးပင်များ ခုတ်ထွင်ခံရမှုများ
ရှိနေပြီး တားမြစ်ပေးရန် လိုအပ်နေကြောင်း ဒေသခံများထံက သိရသည်။
.
.“၂၀၀၈ လောက်က ထင်းရှူးပင်တွေ အဲဒီလောက် အခုတ်မခံရသေးဘူး။
အခုတစ်ခေါက် ရောက်တဲ့အချိန်မှာ တော် တော်များများ အခုတ်ခံထားရတယ်။ ဒေသခံတစ်ယောက် အနေနဲ့
အရပ်ဘက်အဖွဲ့အစည်းတွေဖွဲ့ပြီး ရေရှည်မှာ ကာ ကွယ်သွားဖို့ လုပ်ဆောင်သွားမယ်” ဟု အောင်ပန်းဒေသခံ
ကိုမင်းကိုကိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ အောင်ပန်းထင်းရှူးတောအတွင်းမှ ထင်းရှူးပင်များအား
ထင်းရှူးဆီ ထုတ်ယူခြင်း၊ မီးရှို့ခြင်း၊ ခုတ်လှဲ၍ ထင်း အဖြစ် အသုံးပြုခြင်း၊ ခုတ်ထွင်ရှင်းလင်းကာ
ထွန်ယက်စိုက်ပျိုးခြင်းများ ပြုလုပ်နေသဖြင့် လက်ရှိတွင် ထင်းရှူးပင် အနည်းငယ်သာ ကျန်ရှိကြောင်း
သိရသည်။
.
အောင်ပန်းမြို့ရှိ ထင်းရှူးပင်များကို ကာကွယ်ရန်အတွက်
အရပ်ဘက်အဖွဲ့အစည်း ဖွဲ့စည်းသွားမည်ဖြစ်ပြီး နားလည် တတ်ကျွမ်းသည့် ပညာရှင်များမှ ဝိုင်းဝန်းကူညီပေးစေလိုကြောင်း
ကိုမင်းကိုကိုက ဆက်လက်ပြောဆိုခဲ့သည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ်သစ်တောဦးစီးဌာနမှ
ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက “သွားပြီး ကွင်းဆင်းစိစစ်ပါမယ်။ လိုအပ်သလို အရေးယူသွားမှာပါ။
ထင်းရှူးပင်က တားမြစ်သစ်မျိုးပါ။ ကြပ်ကြပ်မတ်မတ် လုပ်သွားမှာပါ။ ခက်တာက သူတို့က ညပိုင်းမှာ
လာခုတ်ကြတယ်။ အတတ်နိုင်ဆုံးတော့ လုပ်နေပါတယ်။ အခုလို ရာသီဆိုရင် မီးလှုံဖို့၊ ပွဲတော်တွေရှိတော့
အဲဒီပြဿနာတွေက အရမ်းများတယ်။ ဒါကို ကြပ်ကြပ်မတ်မတ် လုပ်နေ ပါတယ်” ဟု ပြောဆိုခဲ့သည်။
.
ရှမ်းပြည်နယ် သစ်တောဦးစီးဌာန အနေဖြင့်
ထင်းရှူးပင်သည် တားမြစ်သစ်ဖြစ်ကြောင်းနှင့် မခုတ်ထွင်ရန်အတွက် အသိပညာပေး
ပိုစတာများ စိုက်ထူဆောင်ရွက်နေပြီး အရပ်ဘက် အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍
ပြည်သူများ အားလုံးပူးပေါင်း ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ပေးရန် မေတ္တာရပ်ခံ
ထားကြောင်း ၎င်းက ဆက်လက်ပြောကြား ခဲ့သည်။
.
ကလောမြို့နယ်အတွင်း အဆိုပါ အောင်ပန်းကြိုးဝိုင်းအပါအဝင်
ကြိုးဝိုင်သစ်တော ၈ ခုရှိပြီး ကြိုးပြင်ကာကွယ်တော ၁ ခုရှိကြောင်း သိရသည်။
.