မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း ပျားမွေးမြူရေးဌာနခွဲ အနေဖြင့်
COVID-19 ရောဂါကြောင့် အခက်အခဲများ ဖြစ်ပေါ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်
ပျားရည်စုဆောင်းရရှိမှု ယမန်နှစ်များထက် ၅ ဆခန့် လျော့ကျခဲ့သည်ဟု သိရသည်။
.
.COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် သွားလာရေးနှင့်
လုပ်ငန်းဆောင်ရွက်ရေးအတွက် ပုဂ္ဂလိက ပျားမွေးမြူသူများ အခက်အခဲများ ဖြစ်ပေါ်ခဲ့ပြီး
ပျားရည်လာရောက်စုဆောင်းသူ နည်းပါးသည့်အတွက် ယင်းကဲ့သို့ လျော့ကျ ခဲ့ရခြင်း ဖြစ်သည်ဟု
သိရသည်။
.
“ပုံမှန်ဆိုရင် အနည်းဆုံး ၇၀ ဦးလောက် လာနေတာ အခုတော့
ရောဂါကြောင့် ဆေးစစ်ချက် လုပ်ရတာ၊ ရွာတွေက အဝင်မခံတာ၊ Quarantine ဝင်ရတာတွေကြောင့် ဒီနှစ်မှာ ၃၀ ဦးတောင် မပြည့်ဘူး။ ပန်းပွင့်ရက်နဲ့ပျားမွေးရက်က
တစ်လလောက်ပဲရှိတော့ Quarantine ၁၄ ရက်ဝင်ရင် အဆင်မပြေတော့ဘူးလေ။
ရွာထဲလည်း အဝင်မခံတော့ တောထဲ တောင်ထဲမှာ နေကြရတာတွေ ရှိလာတယ်။ ဌာနအနေနဲ့ကတော့ ပျားဘုရင်မနဲ့
ပျားအုံ ရောင်းချတာကို အဓိက ဆောင်ရွက်ပါတယ်” ဟု အောင်ပန်းမြို့ရှိ ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲ
တာဝန်ခံ ဦးကျော်လင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ပျားမွေးမြူမှုကို နှစ်စဉ် ဧပြီလမှ သြဂုတ်လအထိ
မွေးမြူရေးကာလ၊ စက်တင်ဘာလမှ မတ်လကုန်အထိ မွေး/ရောင်း ကာလ ဟု သတ်မှတ်ပြီး ဇီးပန်း၊
ပန်းနှမ်း၊ လဲမှို့၊ နေကြာ၊ ရော်ဘာ စသည့် ပန်းများ အများအပြားပွင့်ရာနေရာများသို့ ပျားရည်
စုဆောင်းရောင်းချသူများမှ သွားရောက်၍ မွေးမြူစုဆောင်းကြခြင်းဖြစ်ရာ ယခုနှစ်တွင် COVID-19 ရောဂါ ကြောင့် သွားလာမှုများခက်ခဲသဖြင့် မွေးမြူစုဆောင်းသူ နည်းပါးရခြင်းဖြစ်သည်ဟု
သိရသည်။
.
အောင်ပန်းမြို့ရှိ ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲ၊
မြို့နယ်တာဝန်ခံရုံးအောက်တွင် ရွာငံ၊ ကလော၊ အောင်ပန်း၊ ပင်းတယ တို့ ပါဝင်ပြီး ယခင်နှစ်က
ပျားရည် ၅၀ ဂါလံဆံ့ ပေပါ ၂၀၀၀ ခန့် စုဆောင်းရရှိခဲ့သော်လည်း ယခုနှစ်တွင် ပေပါ ၄၀၀ ခန့်သာ
ရရှိခဲ့သည်ဟု ၎င်းထံက သိရသည်။
.
ပျားရည်ကို စစ်ကိုင်းဒေသကြီး၊ မုံရွာမြို့နယ်နှင့်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံ၊ ပင်းတယ၊ ကလော၊ အောင်ပန်း၊ တောင်ကြီး၊ ရပ်စောက်မြို့များ၊
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့များတွင် ရာသီအလိုက်စုဆောင်းပြီး Export
တင်ပို့နေရခြင်းဖြစ်ကာ ပုံမှန်အားဖြင့် တစ်နှစ်လျှင် မက်ထရစ်တန်
၂၅၀၀ ခန့် တင်ပို့နိုင်ခဲ့ကာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က မက်ထရစ်တန် ၂၈၅၄ အထိ တင်ပို့နိုင်ခဲ့သည်ဟု
သိရသည်။
.
မြန်မာနိုင်ငံမှ ပျားရည်ကို ဂျပန်၊ ကနေဒါ၊
ထိုင်း၊ ကိုရီးယားနိုင်ငံများသို့ အဓိက တင်ပို့နေရပြီး ဥရောပနိုင်ငံများသို့
တင်ပို့နိုင်ရေးအတွက် အရည်အသွေးမြှင့်တင်ရေးလုပ်ဆောင်မှုများ ရှိနေသော်လည်း COVID-19
ရောဂါကြောင့် နှောင့်နှေးကြန့်ကြာမှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
.