မန္တလေး သီရိမာလာ ဗဟိုကုန်စိမ်းဈေး ပိတ်မည်ဖြစ်သဖြင့် ရှမ်းတောင်ဒေသမှတောင်သူများ နစ်နာဆုံးရှုံးမှု များပြားနိုင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မန္တလေး သီရိမာလာ ဗဟိုကုန်စိမ်းဈေး ပိတ်မည်ဖြစ်သဖြင့် ရှမ်းတောင်ဒေသမှတောင်သူများ နစ်နာဆုံးရှုံးမှု များပြားနိုင်

မင်းဇော်မင်း

.

မန္တလေးမြို့၊ သီရိမာလာ ဗဟိုကုန်စိမ်းဈေးတွင် COVID-19 Positive လူနာ များပြားလာသည့်အတွက် ရက်သတ္တ တစ်ပတ်ကြာ ဈေးပိတ်မည်ဖြစ်သဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းဒေသမှ တောင်သူများ ထိခိုက်နစ်နာဆုံးရှုံးမှု များပြား လာနိုင်သည်ဟု သိရသည်။

.

.

အဆိုပါ သီရိမာလာ ဗဟိုကုန်စိမ်းဈေးအတွင်း COVID-19 လူနာ ၅၉ ဦး တွေ့ရှိခဲ့ သဖြင့် ဈေးကို ဒီဇင်ဘာလ ၁၁ ရက်မှ ၁၈ ရက်အထိ ၇ ရက်ကြာ ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

.

“ဒီနေ့ကစပြီး အဝယ်ရပ်ထားရတယ်။ ၂ ရက် ၃ ရက်ဆို သီးနှံတွေက ပုပ်တော့ မဝယ်ရဲတော့ဘူး။ ပထမလှိုင်းတုန်းက တောင် ကား ၇ စီးလောက် အလကားလှူပေမဲ့ ကားခက ကုန်သေးတယ်။ အခုတော့ ကားခ ကုန်ဖို့တောင် အလှူရှင် မရှိတော့ဘူး” ဟု အောင်ပန်းမြို့၊ လပြည့်ပွဲရုံမှ ကိုမျိုးမင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

၎င်းအနေဖြင့် သီရိမာလာဈေးသို့ တစ်ရက်လျှင် ကုန်စိမ်း ကျပ်သိန်း ၅၀ ဖိုးခန့် တင်ပို့နေရသည်ဖြစ်ရာ ဈေးပိတ်မည့် ကာလအတွင်း အောင်ပန်းမြို့ရှိ ပွဲရုံ ၄၀၀ ခန့်သည်လည်း ပို့ဆောင်နိုင်မည် မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောဆို ခဲ့သည်။

.

ထို့အတူ သီရိမာလာဈေးမှ ခရမ်းချဉ်သီး အဓိက ရောင်းဝယ်သူ ဦးခိုင်မောင်ဦးကလည်း “ရောဂါဖြစ်တဲ့သူ တချို့တောင် ဆေးရုံဆင်းပါပြီ။ ဒါပေမဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြောသလိုပေါ့ ဥပဒေကို လိုက်နာဖို့ပဲ ရှိတာလေ။ အဓိက ထိခိုက်တာကတော့ တောင်သူနဲ့ စားသုံးသူတွေပေါ့။ အခု ဈေးပိတ်မယ်ဆိုတော့ တအား ဝယ်နေကြတယ်” ဟု ပြောသည်။

.

မန္တလေး သီရိမာလာဗဟိုကုန်စိမ်းဈေးသို့ ရွာငံ၊ အောင်ပန်းနှင့် ညောင်ရွှေတို့မှ တစ်ရက်လျှင် ကုန်စိမ်း တန် တစ်သိန်း အထက် ဝင်‌ရောက်နေပြီး မန္တလေးတစ်မြို့လုံးသို့ ကုန်စိမ်းဖြန့်ဖြူးပေးနေသည့် အဓိက ဈေးကြီးတစ်ခုဖြစ်ကာ ကုန်စိမ်း အရောင်းဂိုဒေါင်ပေါင်း ၂၀၀ ကျော် ရှိနေကြောင်း သိရသည်။

.

“အခုတောင် တစ်ပိဿာ ၁၀၀ ကို ဝယ်မယ့်သူ မရှိဘူး။ ရောင်းမရ နွားကျွေး၊ အခင်းထဲပစ်ထားဖို့ပဲ ရှိတယ်။ ဝယ်လက် မရှိတော့ အရင်းပြုတ်ပါပဲ။ ဒီရောဂါဆိုးကြီး မရှိစေချင်တော့ပါဘူး” ဟု အောင်ပန်းမြို့၊ မြေခြားကျေးရွာမှ ခရမ်းချဉ်စိုက် တောင်သူ ခွန်အောင်ကျော်သက် က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

၎င်းအနေဖြင့် ခရမ်းချဉ် ၃ ဧက စိုက်ပျိုးထားပြီး တစ်ဧကလျှင် ရင်းနှီးငွေ ကျပ် ၇ သိန်းခန့် ကုန်ကျခဲ့ကာ ပုံမှန် အရောင်းအဝယ်ဖြစ်ပါက တစ်ဧကလျှင် ကျပ်သိန်း ၂၀ အထက် ရရှိနိုင်မည်ဖြစ်သော်လည်း ယခု ရောဂါကာလတွင်မူ အရှုံးနှင့်သာ ရင်ဆိုင်နေရကြောင်းနှင့် ပြီးခဲ့သည့် COVID-19 ရောဂါ ပထမလှိုင်း ကာလ ကတည်းက ထိခိုက်ခဲ့ခြင်းဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

.

မြေခြားကျေးရွာတွင် ခရမ်းချဉ်စိုက်ဧက ၂၀၀ ကျော် ရှိနေပြီး စိုက်ပျိုးတောင်သူအားလုံး ထိခိုက်နစ်နာ ဆုံးရှုံးလျက် ရှိသည်ဟု သိရသည်။

.

လက်ရှိ သီရိမာလာဈေးတွင် ခရမ်းချဉ်သီး ပိဿာ ၂၀ ပါ တစ်သေတ္တာလျှင် ၁၁၀၀၀ ကျပ် ဈေး ရှိကြောင်း သိရသည်။

.


Journal Download

Photo of three cats