တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်မှ Stay at Home ဧရိယာရှိ အိမ်ထောင်စုများအား ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီက ယနေ့ ဒီဇင်ဘာလ ၁၃ ရက်တွင် ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
" အိမ်ထောင်စု ၃၅၀ အတွက် တစ်ပြေးညီ အားလုံး လှူဒါန်းခဲ့ပါတယ်။ Positive လူနာ များလာတဲ့အပြင် Stay at Home အမိန့်ကလည်း သက်တမ်း တိုးလိုက်တာကြောင့် ပြည်သူတွေ စားဝတ်နေရေး အခက်အခဲ မရှိစေဖို့ ရည်ရွယ်ပြီး လှူဒါန်းခဲ့တာပါ။" ဟု ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီမှ ဦးသူရစောသိန်းက ပြောသည်။
.
ယင်းကဲ့သို့ လှူဒါန်းရာတွင် Stay at Home ဧရိယာရှိ အိမ်ထောင်စု ၃၅၀ အတွက် ဆန် ၃ ပြည်ဝင် ၃၅၀ အိတ်၊ ဆီ ၂၀ ကျပ်သားစီပါဝင်သည့် ၃၅၀ ဘူး၊ ဆား ၄၀ ကျပ်သားစီပါ ၃၅၀ ထုပ်၊ လက်သန့်ဆေးရည် ၃၅၀ ဘူးတို့ကို ရပ်ကွက် အုပ်ချုပ်ရေးမှူးမှ တဆင့် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
.
တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်မှ နယ်မြေအချို့နှင့် လမ်းအချို့ကို တောင်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒီဇင်ဘာလ ၂၀ ရက်ထိ Stay at Home အမိန့် ထုတ်ပြန်ထားကြောင်း သိရသည်။
.
ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီ အနေဖြင့် စတင် ဖွဲ့စည်း တည်ထောင်ချိန်မှ ယနေ့အထိ စုစုပေါင်း ငွေကျပ် သိန်းပေါင်း ၁၈၀၀၀ ကျော် တန်ဖိုးရှိ စားနပ်ရိက္ခာများ၊ ကျန်းမာရေး အကာအကွယ် ပစ္စည်းများကို ရှမ်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံရှိ ဒေသအချို့တွင် လှူဒါန်းပြီး ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment