COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကေတီဗွီများ၊ ဘားများ အပါအဝင် ဂိမ်းဆိုင်များကိုပါ ပိတ်သိမ်းထားရန် ရှမ်းပြည်နယ် အစိုးရက ညွှန်ကြားထားသော်လည်း တောင်ကြီးမြို့ အဝင်ရှိ ရှုခင်းသာပန်းခြံတွင် ဂိမ်းဆိုင် ဖွင့်လှစ်ထားကြောင်း သိရသည်။
.
"ဂိမ်းဆိုင်တွေကိုလည်း ဖွင့်လှစ်ခွင့် မပြုထားဘူး။ အားလုံး မပေးထားဘူး။ ဒါပေမဲ့ ဖွင့်လှစ်တာမျိုးတွေ ရှိလာရင်လည်း အရေးယူသွားပါမယ်"ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ်အတွင်းမှ မြို့နယ်များရှိ စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်များကို ဆိုင်ထိုင် ရောင်းချခွင့် မပြုသည့်အပြင် ကေတီဗွီ၊ ဘား စသည့် လူစုလူဝေး ဖြစ်ပွားနိုင်ပြီး COVID-19 ရောဂါ ကူးစက် ပြန့်ပွားမှု ဖြစ်ပွားနိုင်သည့် နေရာများကို ပိတ်သိမ်းရန်အတွက် ရှမ်းပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာ မြို့နယ်အလိုက် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီများက တားမြစ်သည့် အမိန့် ထုတ်ပြန်ထားကြောင်း သိရသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရှုခင်းသာ ပန်းခြံအတွင်း ဂိမ်းဆိုင် ဖွင့်လှစ်ထားမှု အခြေအနေအား မေးမြန်းရာ "ကျွန်တော်တို့က ဒီမှာ ဝင်လာတဲ့ ဧည့်သည်တွေ အကုန်လုံး ဆော့လို့ရအောင်လို့ ဒါကို ဖွင့်ပေးထားတယ်။ အကုန်လုံး လွတ်လွတ်လပ်လပ် ဆော့လို့ရတယ်။ ငွေကြေးနဲ့ ဆော့ရတာ မဟုတ်ဘူး။"ဟု ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ ဂိမ်းဆိုင်တွင် ကစားနေသူ တစ်ဦးကမူ " တကယ်တမ်းကြတော့ အဲဒါက လောင်းကစားရုံ၊ ကျွန်တော်တောင် ၄/၅ ရက်အတွင်း သိန်း ၃၀/လောက် ရှုံးခဲ့တယ်။ သူတို့ ပြောသလိုမျိုး မဟုတ်ဘူး။" ဟု ပြောသည်။
.
ထို့အပြင် တောင်ကြီးမြို့ရှိ စေတနာ့ဝန်ထမ်း တစ်ဦးကလည်း မင်္ဂလာဦးရပ်ကွက်တွင် ဂိမ်းဆိုင်မှတဆင့် COVID-19 ကူးစက် ပျံ့နှံ့မှုများ ရှိခဲ့သည့်အတွက် လက်ရှိကာလတွင် ဂိမ်းဆိုင်များအား ဖွင့်လှစ်ခြင်း မပြုလုပ်စေလိုကြောင်း အကြံပြုခဲ့သည်။
.
ရှုခင်းသာပန်းခြံသည် တပ်မတော်ပိုင် ဖြစ်ပြီး လက်ရှိတွင် Exellent Myanmar ကုမ္ပဏီမှ နှစ်ရှည် ငှားရမ်းလုပ်ကိုင်နေခြင်း ဖြစ်ကြောင်း သိရသည်။